KNU နယ်မြေမှာ ရက် ၂၀ အတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်

KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲမှာ ရက်ပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၁၂၃ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ (KNU) က အောက်တိုဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ ကနေ အောက်တိုဘာ ၂၀ ရက်ထိ ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီ တပ်ဘက်က ဒု-ဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီး အဆင့်အပါအဝင် စုစုပေါင်း ၅၈ ဦး သေဆုံးပြီး ၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNLA တပ်မဟာ (၅) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်ကတော့ ထိခိုက်သေဆုံး တာမရှိဘဲ ခုနစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ BGF နယ်ခြားစောင့် တပ်တွေက စစ်ရေးလှုပ်ရှားတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အခုလိုတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရတာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်သေဆုံးစာရင်းနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ အတွင်း တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲက ရွာတချို့ကို လက်နက်ကြီး အလုံးပေါင်း ၁၇၀ ကျော်ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလည်း ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လလုံးမှာတော့ KNU ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီနဲ့ KNU လက်အောက်ခံ တပ်တွေ တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၃၄ ဦး သေဆုံးကာ KNU ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာလ ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။