မွန်နဲ့ တနင်္သာရီက ခရီးသွားတွေအတွက် KNLA သတိပေးချက်ထုတ်ပြန်
2023.06.10

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့ ၆ မြို့နဲ့ အမှတ် ၈ လမ်းမကြီးတစ်လျှောက် အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ၊ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတင်ဆောင်ဖို့ အပါအဝင် အချက် လေးချက်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU/ KNLA က ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က စပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်နဲ့ အမှတ် ၈ လမ်းကြီးတစ်လျှောက် သွားလာနေတဲ့ ခရီးသွားယာဉ်တွေ၊ ပြည်သူတွေအနေနဲ့ KNLA ရဲ့ စစ်ဆေးမှုကို လက်ခံဖို့၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူမသွားဖို့၊ စစ်ကောင်စီရဲ့ ပစ္စည်းနဲ့ လူတွေ မတင်ဆောင်ဖို့နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ယာဉ်တွေအနေနဲ့ အစစ်အဆေးခံဖို့ မေတ္တာရပ်ခံလိုက်တာပါ။
ဒီထုတ်ပြန်ချက်ကို လိုက်နာဖို့လိုအပ်ပြီး ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ ဘယ်လိုကိစ္စမျိုးကို မဆို တာဝန်ယူမှာမဟုတ်ကြောင်းနဲ့ အခုလိုထုတ်ပြန်တာဟာလည်း ခရီးသွားပြည်သူတွေကို မနစ်နာစေချင်တာကြောင့်လို့ ဆိုပါတယ်။
အဲဒီမြို့တွေနဲ့ အမှတ် ၈ လမ်းမကြီးတစ်လျှောက်ကို KNU/ KNLA ထိုးဖောက်ထိန်းချုပ် လှုပ်ရှားနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူတွေကို အကာအကွယ်ယူ သွားလာနေတာကြောင့် အခုလိုထုတ်ပြန်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ မြို့တွေမှာ KNU/ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ကိုးထောင်ကျော် ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။