တပ်မတော်အနေနဲ့ နိုင်ငံရေးမှာပါဝင်နေမှုကနေ နှုတ်ထွက်ကြောင်း ကြေညာပေးဖို့ KNU တောင်းဆို

မြန်မာ့တပ်မတော်အနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုကို ကယ်တင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာချက် ထုတ်ပြန်ဖို့နဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်မှုကနေ နှုတ်ထွက်ကြောင်း ကြေညာပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ မနေ့က ကျရောက်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၆ နှစ်ပြည့်မှာ KNU က အချက် ၆ ချက် ကို ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။
အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ပြန်လည်ရုပ်သိမ်းပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီပေးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခြင်း ကိုဗစ်-၁၉ ကုသရေးနဲ့ အခြားဆေးကုသရေးတွေမှာ ကန့်သတ်မှုတွေကို ရုပ်သိမ်းဖို့၊ အရပ်သားတွေကို ကာကွယ်ရေးဆိုင်ရာ ပြဌာန်းချက်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်နာဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ဖို့နဲ့ စစ်အာဏာပြု အုပ်ချုပ်မှု အဆုံးသတ်ရေး နိုင်ငံတကာက စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆွေးနွေးဖို့တွေလည်း ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ အခြေခံမူအားလုံးကို ချိုးဖောက်မှု ဖြစ်ပေါ်စေပြီး NCA ရဲ့ လုပ်ငန်းတွေ အားလုံး ရပ်တန့်သွားသလို တပ်မတော်က နိုင်ငံရေးပြဿနာကို အင်အားသုံးအဖြေရှာတဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ပြီး ရောက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။