မုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

RFA Burmese
2023.12.09
မုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် သေဆုံးကြောင်း KNU ထုတ်ပြန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ။
Ministery of Defence- NUG

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေမှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ခဲ့တဲ့  မုန်း (မူး) မြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးပြီး အယောက် ငါးဆယ် ဒဏ်ရာရရှိခဲ့တယ်လို့ KNU  ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ခမရ (၅၉၀) တပ်ရင်း ဌာနချုပ် ၊ မုန်းမြို့မရဲစခန်းနဲ့ ကော့ပြင်တပ်စခန်းနေရာတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည်တံတားကင်းနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီစစ်ဆင်ရေးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေဘက်မှာလည်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုထားပေမဲ့ အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

ဒါ့အပြင် အဲဒီတိုက်ပွဲတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချပူးပေါင်းခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့အရေအတွက်ကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတဆင့် ပြောဆိုရာမှာတော့... မုန်းတိုက်ပွဲပြီးဆုံးတာကြာပြီဖြစ်ပြီး၊ ဘယ်နေရာတွေကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထုတ်နေတာဟာ ပြည်သူကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မုန်းဒေသကို လေကြောင်းကနေ သုံးရက်ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို နေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း KNU က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။