စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ စစ်ကောင်စီ တိုက်ခိုက်မှု KNU ရှုတ်ချ

RFA Burmese
2023.10.11
စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ စစ်ကောင်စီ တိုက်ခိုက်မှု KNU ရှုတ်ချ မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများအား ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။
AFP

စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်နဲ့ ကလေးသူငယ်ဆိုပြီး ခွဲခြားမှုမရှိဘဲ အင်အားသုံးတိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ ကရင်အမျိုးအသားအစည်းအရုံး KNU က အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လူသားမဆန်တဲ့လုပ်ရပ်ကျူးလွန်တာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး က ပြောပါတယ်။

"ဒါက လူသားမဆန်တဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ မြင်ပါတယ်၊ စစ်ကောင်စီက အာဏာတည်မြဲရေးအတွက်ဆိုရင် စစ်ရာဇဝတ်မှု ကျူးလွန်ဖို့အတွက် ဝန်မလေးဘူးဆိုတာ ဖော်ပြနေတာပဲလို့ ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ် "

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ မြောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ညမှာ စစ်ကောင်စီက တိုက်ခိုက်တဲ့အတွက် ကလေး ၁၁ ဦးအပါအဝင် ဒုက္ခသည် ၂၉ ဦးသေဆုံးခဲ့တဲ့အပေါ် ကချင်ပြည်သူတွေ၊ KIO အဖွဲ့နဲ့ ထပ်တူဝမ်းနည်းကြောင်းလည်း ဆိုပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ စတဲ့ အရပ်သားပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာတွေအပါအဝင် လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ကျေးလက်နဲ့ မြို့ပြပါမကျန် နိုင်ငံတစ်ဝန်း ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရာဇဝတ်မှုတွေ မရပ်မနားကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး အရေးယူဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတကာဆက်ဆံရေးမှာလည်း စစ်ကောင်စီကို နေရာပေးတာ၊ ငွေကြေးနဲ့ လက်နက်ခဲယမ်းတွေ နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးနေတာတွေ၊ အကာအကွယ်ပေးနေတာတွေကို ရပ်တန်းကရပ်ဖို့အတွက်လည်း KNU က တိုက်တွန်းပါတယ်။

မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကလည်း ဝမ်းနည်းကြောင်း အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဝိုင်းပယ် ကန့်ကွက်ကြဖို့လည်း ICNCC က တောင်းဆိုပါတယ်။

ကလေး ၁၁ ဦးအပါအဝင် ဒုက္ခသည် ၂၉ ဦးသေဆုံးခဲ့ရတဲ့ မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုထားပေမဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီ တိုက်ခိုက်မှုလို့ ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။