မဲသဝေါဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ KNU တောင်းဆို


2016.09.13
knu-statement-620.jpg မဲသဝေါဒေသအတွင်းက အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် ကေအဲန်ယူရဲ့ သဘောထားထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo: KNU

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်တို့နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကို ရပ်တန့်ပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲအရှိန်အဟုန်ကြီးလာမှာကို စိုးရိမ်တဲ့အတွက် အခုလိုကြေညာချက်ထုတ်ပြန်ရတာလို့ KNU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ စောစောစီဘွဲ က ပြောပါတယ်။

"ကရင်ပြည်နယ်အတွင်းမှာ KNU ထိန်းချုပ်နယ်မြေအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲမဖြစ်ပွားဖို့ကို အရေးကြီးတယ်။ တကယ်လို့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားလာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက်က အထင်များလွဲမှားမှု နောက် ပြည်သူလူထုတွေ အထင်လွဲမှားမှုတွေ ပဋိပက္ခတွေဖြစ်လာရင် တိုက်ပွဲအရှိန်အဟုန်တွေက အတောမသတ်နိုင်ခဲ့လို့ရှိရင် ဒီထက်မက ပိုပြီးတော့ ပျံ့ပွားနိုင်တဲ့ မီးပွားဖြစ်သွားနိုင်တယ်။ အဲ့ဒါကို ကျွန်တော်တို့က စိုးရိမ်လို့ပါ" လို့ စောစောစီဘွဲ က ပြောတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်ဘက်မှာ နယ်ခြားစောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံ တစ်ထောင်လောက်ဟာ မြိုင်ကြီးငူဘက်နဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေဆီ ထွက်ပြေးနေကြရပြီး အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီပေးနေရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။