လမ်းဖောက်တာတွေ ဆက်မလုပ်ဖို့ KNU ကြေညာချက်ထုတ်
2018.12.03

ဖွံ့ဖြိုးရေးကို အကြောင်းပြပြီး တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင် တို့မှာ လမ်းဖောက်တာတွေ ဆက်မလုပ်ဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကေအန်ယူနယ်မြေအတွင်း လမ်းဖောက်လုပ်မှုတွေဟာ ဒေသခံ လူထုအကျိုးထက် အစိုးရရဲ့ နယ်မြေတိုးချဲ့ရေးနဲ့ စစ်ရေးဆိုင်ရာ အထောက်အကူပြုရေးအတွက် အဓိကရည်ရွယ်ပြီး ဖောက်လုပ်တာဖြစ်ကြောင်း၊ အဲဒါတွေကို ရပ်ဆိုင်းခြင်းမပြုဘဲ ဆက်လက်ဖောက်လုပ်မယ်ဆိုရင် ပဋိပက္ခဖြစ်ပွားပြီး လက်ရှိကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေအန်ယူရဲ့ ၆ ကြိမ်မြောက် ခရိုင်ညီလာခံကို တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တပ်မတော်ဘက်က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး ဘူဒိုဇာတွေကို အသုံးပြုပြီး တောင်ငူခရိုင်၊ ညောင်လေး ပင်ခရိုင်၊ ဖာပွန်ခရိုင်တို့မှာ ခရိုင်ချင်းဆက်ပြီး လမ်းဖောက်လုပ်နေတာကြောင့် ခုလိုပွင့်လင်းရာသီမှာ ပြန်လည် ဖောက်လုပ်လာမှာစိုးရိမ်တဲ့အတွက် ကန့်ကွက်တာလို့ KNU တောင်ငူခရိုင် တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
တပ်မတော်ဘက်က ဒေသဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်တာလို့ပြောနေပေမယ့် စစ်ရေးအရ ဖောက်လုပ်တာလို့ KNU ဘက်က သုံးသပ်မိတဲ့အတွက် အခုလိုကန့်ကွက်ရတာလို့ KNU တောင်ငူခရိုင် ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီး က အခုလိုပြောပါတယ်။
"ဖောက်လုပ်မယ့်လမ်းက ဖာပွန်ခရိုင်ကို ဖြတ်ပြီး တောင်ငူခရိုင် ညောင်လေးပင်ခရိုင် တပ်မဟာ ၁ သထုံခရိုင်ကို ဖြတ်ပြီး ဖောက်လုပ်မယ့်လမ်းဖြစ်တယ်။ ဒီလမ်းက ဖံ့ွဖြိုးရေးအမည်ခံ ဒေသခံပြည်သူလူထုအတွက်ဆိုပြီး တပ်မတော်က ပြောနေတယ်။ ကျနော်တို့ ပြန်လည်သုံးသပ်တော့ ရွာတွေ အဲလောက်မရှိဘူး။ တကယ်လို့သာ အစိုးရကသာ ဖွံ့ဖြိုးရေးလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ခရိုင် KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ အစိုးရဌာနက လာတာမဟုတ်ဘဲ တပ်ကနေ ဖိအားပေးပြီး လမ်းဖောက်ဖို့ လုပ်နေခြင်းက လူထုအတွက် ဖောက်တဲ့လမ်းမဟုတ်ဘဲ စစ်ရေး အထောက်အကူပြုဖို့ ဖောက်တဲ့လမ်းဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တဲ့အတွက် ဒီလမ်းကို အခုလက်ရှိ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကာလမှာ ယုံကြည်မှု ပျက်ပြားစေတဲ့အပြင် ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်နိုင်တဲ့အတွက် ဖောက်လုပ်တာကို တောင်ငူခရိုင်က အပြင်းအထန် ကန့်ကွက်တယ်။ ဆန့်ကျင်တယ်"
ဒီကိစ္စကို နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုတွေရှိပေမယ့် လမ်းကိုဆက်မဖောက်ပါဘူးလို့ တပ်မတော်ဘက်က ကတိပေးထားမရှိတဲ့အတွက် ကန့်ကွက်နေရတာလို့လည်း စောသူးကဘီး က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လလောက်က ဖာပွန်ခရိုင် လယ်မူပလောဒေသမှာ တပ်မတော်က လမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး ဖာပွန်ခရိုင်ဘက်က ဒေသခံတွေက ပြင်းပြင်ထန်ထန် ကန့်ကွက်တယ်လို့လည်း သိရပါတယ်။
အခုလမ်းဖောက်လုပ်မှုကို တပ်မတော်ဘက်က ဆက်ပြီးလုပ်လို့ နှစ်ဘက်ပဋိပက္ခဖြစ်လာမှာကို မလိုလားဘဲ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရရှိဖို့ကိုသာ လိုလားတယ်လို့လည်း တောင်ငူခရိုင် KNU ဘက်က ပြောပါတယ်။
အဲလိုလမ်းဖောက်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိလာနိုင်တဲ့အတွက် စိုးရိမ်မှုတွေရှိကြောင်း မြေယာထိန်းသိမ်းရေးနဲ့ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး ကွန်ရက် ဥက္ကဋ္ဌ စောဒိုထူး က ပြောပါတယ်။
"တိုင်းရင်းသားဒေသမှာ မိရိုးဖလာ ရိုးရာဓလေ့ လုပ်ကိုင်စားသောက်တဲ့နေရာတွေရှိတယ်။ အစိုးရဘက်မှာ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေနဲ့ပတ်သက်ပြီး ၆လအတွင်း လျှောက်ဖို့ ထုတ်ပြန်ထားတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသမှာကျတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စာရွက်စာတမ်းမရှိဘူး။ လမ်းဖောက်လုပ်မယ်ဆိုရင် ဥယျာဉ်ခြံမြေတွေ လယ်ယာမြေတွေ ပျက်စီးမယ် ကျနော်တို့မြေက သူတစ်ပါးလက်ထဲ ရောက်မယ်။ အစိုးရဘက်မှာ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့က မလျှောက်ရင် ကျူးတွေဖြစ်နေတယ်။ မြေယာလုပ်ကိုင်စားသောက်တဲ့ဘဝကနေ လယ်မဲ့ယာမဲ့ဘဝဖြစ်မှာကိုလည်း ပိုပြီးစိုးရိမ်တယ်"
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်က လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ JMC-U က ပြီးခဲ့တဲ့ မေလအတွင်းက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။
ဒီတစ်ခေါက် KNU ဘက်က ကန့်ကွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကို RFA က မေးကြည့်ရာမှာ အခုလို ပြောပါတယ်။
"JMC ကို လက်ရှိတော့ တရားဝင် အဲဒီစာတွေ ဘာတွေပို့တာတွေ မရှိတဲ့အတွက် ကျနော်တို့ အဲဒီအကြောင်းအရာကို မသိသေးဘူးဗျ။ သူတို့ဘက်က ပို့လာတယ် တိုင်ကြားမှုတစ်ခုအနေနဲ့ လုပ်လာတယ်ဆိုရင် JMC ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အတိုင်း အစည်းအဝေးမှာ ဆွေးနွေးရမှာပေါ့နော်"
ဒါ့အပြင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေကို အစိုးရက သတ်မှတ်တဲ့နေရာမှာ ဒေသခံတွေ၊ KNU တာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးတာမရှိတာကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ထိခိုက် နိုင်တဲ့အတွက် ဆက်ပြီးမလုပ်ဖို့ တောင်ငူခရိုင် ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်မှာ ထည့်သွင်း တိုက်တွန်းလိုက်ပါတယ်။
ဒီလမ်းဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြေလည်မှုမရဘဲ နောက်ထပ် ပဋိပက္ခတွေဖြစ်လာရင် နေရပ်စွန့်ခွာ ထွက်ပြေးကြရမှာကိုလည်း ဒေသခံတွေက စိုးရိမ်မှုတွေရှိနေကြပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။