တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှု ဆက်ရှိမယ်လို့ KNU ပြော
2018.11.11

အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေက ပြောပါတယ်။
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွေ အပါအဝင် အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ KNU ရဲ့ အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူး က အခုလို ပြောပါတယ်။
"ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်တဲ့နေရာမှာ ဘယ်လိုအခြေခံတွေကနေ သွားကြမလဲဆိုတာကို ကျနော်တို့ အရင်ဆုံးမသွားကြဘဲနဲ့ Principle ကိုပဲအခြေခံပြီးသွားတဲ့ အခါကျတော့ နောက်ဆုံး ဟို အချက်ဆွေးနွေးလို့မရ၊ ဒီအချက်ဆွေးနွေးလို့မရတဲ့ ပုံစံတွေက ပြီးခဲ့တဲ့ အခေါက်တုန်းက အဲဒီလိုမျိုး ကြုံခဲ့ရတယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျနော်တို့ကြားထဲမှာ ဆွေးနွေးဖို့လိုတယ်။ အဲဒီလို ဆွေးနွေးတဲ့နေရာ မှာလည်း တရားဝင်ဆွေးနွေးပွဲဆိုတာထက် အလွတ်သဘော ဆွေးနွေးပြီး ညှိနှိုင်းဖို့လိုတယ်"
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA လမ်းကြောင်းနဲ့ တိမ်းစောင်းနေတယ်လို့ သုံးသပ်တဲ့အတွက် တရားဝင် အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းပြီး အစိုးရနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေပဲ ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပြန်လည်တည့်မတ်ရေး ဆောင်ရွက်ရာမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ဘားအံခရိုင် လေးဝါးမှာ နိုဝင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါနေတဲ့ အဓိကခေါင်းဆောင်တွေဟာ NCA အပစ်ရပ်စာချုပ်နဲ့ ပတ်သက်လို့ နားလည်မှုကွဲလွဲနေတာတွေကို ဖြေရှင်းရမယ့်အစား၊ နားလည်သလို အကောင် အထည်ဖော်နေတဲ့အတွက် ရှုပ်ထွေးမှုတွေဖြစ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုတာတွေ လျစ်လျူရှုခံရ၊ ကန့်သတ်ခံရတာတွေရှိတဲ့အတွက် တိုင်းရင်းသားဒေ သတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ကေအဲန်ယူဘက်က အစိုးရနဲ့တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်တဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေကြသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်းနဲ့ ဦးအောင်မိုးမြင့် က စုစည်းပြီး မဝေမာထွန်း က တင်ပြထားပါတယ်။
၅ရက်ကြာ ကျင်းပခဲ့တဲ့ KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တေ့ွဆုံဆွေးနွေးမှု လမ်းကြောင်းကတဆင့် ဆွေးနွေးအဖြေရှာသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက မနေ့က ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကေအဲန်ယူရဲ့ ပါဝင်မှုကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ခဲ့ပါတယ်။
အဲဒီစာမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ ပါဝင်မှုဖြစ်ဖို့ အဖွဲ့အစည်း တစ်ခုလုံး တစ်ညီတစ်ညွတ်တည်း ပါဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလလိုတာကြောင့် ယာယီရပ်ဆိုင်းတာလို့ ပြောခဲ့တာပါ။
KNU ရဲ မနေ့က ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်တာဟာ ဆက်ရှိနေမှာဖြစ်တဲ့အကြောင်း အများပြည်သူသိရှိအောင် အတိအလင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရတဲ့အပေါ် ကေအဲန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
NCA စာချုပ်မှာ မပါဝင်တဲ့ ခွဲမထွက်ရေးဆိုတာနဲ့ တပ်မတော်တစ်ခုတည်း ထားရှိရေးဆိုတဲ့ ကိစ္စတွေကို အစိုးရနဲ့ တပ်မတော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တင်သွင်းလာတယ်လို့ KNU က ဆိုလာပါတယ်။
ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုတဲ့ကိစ္စဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကြား ယုံကြည်မှု တည်ဆောက်ပြီးမှ ရှေ့ဆက်လုပ်ကိုင်သင့်တဲ့ အရာဖြစ်ပြီး ဒီကိစ္စတွေပါဝင် လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ရှေ့မဆက်နိုင်ဘဲ တစ်ဆို့မှုတွေဖြစ်လာတယ်လို့ ယူဆတာဖြစ်ပါတယ်။
အပစ်ရပ်လက်မှတ်ရေးထိုးပြီး တခြားတိုင်းရင်းသာအဖွဲ့တွေကရော ဒီကိစ္စအပေါ် ဘယ်လိုရှုမြင်တာတွေ ရှိနေပါသလဲ။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို မေးကြည့်တဲ့အခါမှာတော့
"တစ်ယောက်နဲ့ တစ်ယောက်ကြား တဖက်နဲ့တဖက်ကြား ရှောင်လို့မရတဲ့ ကိစ္စတွေဖြစ်လာတယ်။ အရင်ကတော့ တက်နိုင်သလောက် ရှောင်နေကြတယ်။ မပြောပဲ နေနေကြတယ်။ ခုကတော့ မပြောမဖြစ် ပြောကြတဲ့အခြေ အနေ ရောက်လာကြတယ်။ တနည်းအားဖြင့်ပြောရရင် ကျနော်တို့ထဲမှာရှိတဲ့ အနာတွေပေါ်လာတာပေါ့။ ကောင်းတဲ့ဖက်ကကြည့်ရင်တော့ အနာတွေပေါ်လာရင် ပေါ်တဲ့အနာကို ကုရတာလွယ်တာပေါ့"
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း KNU ရဲ့ ယူဆချက်နဲ့ တူနေပါတယ်။ RCSS ရဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြည်ထောင်စုကနေ ခွဲမထွက်ရေး ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ သူတို့အဖွဲ့ရဲ့ သဘောထားကို ပြောပါတယ်။
တဆက်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် တုံ့ဆိုင်း လာတာတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံထိပ်သီး တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ရေရေရာရာ မရခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် အဲဒီထိပ်သီးဆွေးနွေးပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အပေါ် အမြင်မကြည်မှုတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား ခဲ့တဲ့အတွက် နှစ်ဖက်မကျေလည်မှုတွေသာ ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
"ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီ ပြည်ထောင်စုက မခွဲထွက်ရဘူးဆိုတဲ့ အခွင့်အရေးကို လာပြီးတွဲပြီးတော့ ဆွေးနွေးတဲ့ အချိန်မှာ ကျနော်တို့ကတော့ ဒီဟာကို ဒါလည်း NCA ထဲမှာ လက်မှတ်ရေးထိုးတဲ့ထဲမှာလည်း မပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါကလည်း ဖက်ဒရယ်အခြေခံမူ မဟုတ်ဘူး၊ ဒါကြောင့်မိုလို့ ကျနော်တို့ ဆွေးနွေးစရာ မလိုဘူး၊ ကျနော်တို့ အတူတကွ ဘယ်လိုပူးပေါင်းပြီး နေထိုင်ကြမလဲလို့ပဲ ကျနော်တို့ ဆက်လက်ဆွေးနွေးသွားကြဖို့ပဲ လိုတယ်လို့တော့ ကျနော် အမြင်ရှိတယ်။ ဒါပေမဲ့ အကယ်၍သာ အတင်းအဓ္ဓမ ကျနော်တို့ကို ဒီလိုမျိုး ခွဲထွက်ခွင့် မခွဲထွက်ခွင့်နဲ့ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ RCSS/SSA အနေနဲ့ကတော့ ပြည်သူတွေကိုယ်စား ဆုံးဖြတ်လို့ မရဘူး၊ အဲ့ဒီအခြေအနေမှာကြောင့်မိုလို့ ကျနော်တို့ကတော့ ဒါကတော့ ပြည်သူတွေရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်မယ်လို့ ကျနော်တို့ ထုတ်ပြန်ထားတာ ရှိပါတယ်"
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကတော့ KNU ရဲ့ ယာယီရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ ညှိနှိုင်းသွား မှာဖြစ်ကြောင်း အခုလို ပြောပါတယ်။
"ညှိနှိုင်းကြပါဦးမယ်ခင်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ ဒီလိုအခက်အခဲလေးတွေ ကြုံတက်ပါတယ်။ ဒီလိုပဲ ကျော်လွှားနိုင်အောင် ပြန်လည်ညှိနှိုင်း ဆွေးနွေးရတာပေါ့ခင်ဗျာ။ သူယူဆချက်နဲ့ ဒီလိုဖြစ်လာပြီဆို ကျနော်တို့က ထပ်မံဆွေးဆွေးဖို့ လိုလာတာပေါ့ခင်ဗျာ။ ဆွေးနွေးပြီးလို့ နားလည်မှုတွေထပ်ရသွားရင် ကျနော်တို့ အစိုးရ သက်တမ်း တစ်ခုအတွင်း ၂၀၂၀ ဆိုတာ ရွေးကောက်ပွဲမတိုင်ခင် နောက်အစိုးရ အပြောင်းအလဲမဖြစ်ခင် ဒီအထဲမှာ ကျနော်တို့ အတက်နိုင်ဆုံးညှိနှိုင်းသွားမှာပါ"
အစိုးရက လာမယ့် ၂၀၂၀ ခုနှစ် မတိုင်ခင် ၂၁ ရာစု ပင်လုံညီလာခံ ၃ ကြိမ်ကျင်းပဖို့လျာထားပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း သဘောတူညီချက် ရယူထားပါတယ်။
ဒီလို ၃ ကြိမ်ကျင်းပဖို့ လျာထားတဲ့ညီလာခံတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး ၂၀၂၀ ခုနှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ အစိုးရနဲ့ တပ်မတော် တို့ရဲ့ လျာထားချက်တွေ ဘယ်လောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲဆိုတာကတော့ မသိနိုင်သေးကြောင်းပါရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်းနဲ့ ကိုအောင်မိုးမြင့် တို့က ပေးပို့ထားတာဖြစ်ပါတယ်။