UNFC မူနဲ့သာ KNU ဆွေးနွေးမည်

ငြိမ်းချမ်းရေးဆွေးနွေးဖို့ “ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ” UNFC က ချမှတ်ထားတဲ့ မူအတိုင်း တပြည်လုံး အတိုင်းအတာနဲ့ ဆွေးနွေးဖို့သာ လိုလားကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက အစိုးရကိုယ်စား လာရောက်တဲ့ စေ့စပ်ရေးအဖွဲ့ကို ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

2011.10.01
knu-parade-305 ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန)
Karen Information Centre

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ကရင်ခရစ်ယာန် သင်းအုပ်ဆရာတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ ပါဝင်တဲ့ စေ့စပ်ရေး အဖွဲ့တဖွဲ့ KNU ထံ လာရောက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီအဖွဲ့ကို KNU ထိပ်ပိုင်းခေါင်းဆောင်တွေက တွေ့ဆုံခဲ့ခြင်း မရှိဘဲ လူလွှတ် တွေ့ဆုံခဲ့တာလို့ KNU အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ကျနော်တို့ ပြောပြလိုက်တာကတော့ ကျနော်တို့ သတ်မှတ်ထားတဲ့အတိုင်း UNFC နဲ့ အစုအဖွဲ့အလိုက်ပဲ ပြောမယ်၊ နောက်ပြီး ကျနော်တို့ ဗဟိုအစိုးရနဲ့ပဲ တွေ့မယ်၊ အဲဒီလောက်ပဲ ပြောပြလိုက်ပါတယ်။ သူတို့ဘက်ကတော့ ထုံးစံအတိုင်း ဒီ သမ္မတကြီးဦးသိန်းစိန် ထုတ်ပြန်ထားတဲ့ အတိုင်းပေါ့လေ၊ ဗဟိုနဲ့ တွေ့ချင်ရင် ပြည်နယ်အစိုးရနဲ့ ဦးဆုံးတွေ့၊ တွေ့ပြီးတော့ အရေးသုံးပါးရဲ့ အတွင်းမှာ ဘာညာပေါ့၊ အဲဒီအတိုင်း လာပြီး ရွတ်ပြတာပါပဲ”

KNU အဖွဲ့ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ စုစည်းထားတဲ့ UNFC က ဆုံးဖြတ်ထားတဲ့ မူဘောင် အတွင်းကသာ ဆွေးနွေးဖို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အခုလို လာရောက်တဲ့ စေ့စပ်ရေးအဖွဲ့ကို ဘယ်သူက စေလွှတ်လိုက်သလဲဆိုတာ ပြောဆိုခြင်းမရှိဘဲ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အဖြစ်သာ သိရတယ်လို့ KNU က ပြောပါတယ်။

လတ်တလော ကရင်ပြည်နယ်အတွင်း နေရာအနှံ့မှာ အစိုးရတပ်တွေနဲ့ KNLA တပ်တွေ အပါအဝင် DKBA တပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-05 13:23

သိပ်ကောင်းပြီး သင့်လျော်တဲ့တုန့်ပြန်ချက်ဖြစ်ပါတယ်။ စစ်အုပ်စုအဖွဲ့ကို နိုင်ငံရေးအရဖြစ်စေ၊ လူ့အရင်းအမြစ်အရဖြစ်စေ ဘယ်လိုဘဲဖြစ်စေ ကြည့်တဲ့အခါမှာ ဘယ်တော့မှလျော့မတွက်တာ သတိအမြဲတမ်း ရှိစေဖို့ အကြံပေးပါရစေ။ ဒီအုပ်စုက တကယ့်လူ့သားစိတ်၊ တိုးတက်လိုစိတ်အပြင် ကမ္ဘာစံချိန်မီနေတဲ့စိတ်တွေနဲ့ ကင်းမဲ့နေတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ မိမိတို့ရည်မှန်းချက်ကို မဟာဗျူဟာမြောက်အတိုင်း စိတ်ရှည်လက်ရှည်၊ သည်းခံပြီး တောက်လျှောက်သွားဖို့ လိုအပ်ပါတယ်။