KNU ဒုဥက္ကဋ္ဌ၏ ဖခင်နှင့် ညီဖြစ်သူတို့ကို စစ်တပ်ဖမ်းဆီး
2023.05.15
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဖြစ်သူ ပဒိုစောဆဲဂေရဲ့ ညီဖြစ်သူ စောသာဂေနဲ့ စောသာဂေရဲ့သားတို့ကို စစ်ကောင်စီတပ်က မေလ ၁၄ ရက် ညနေပိုင်းမှာ ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU ဒုဥက္ကဋ္ဌရဲ့ မိသားစုဝင်တွေဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း ကျေးရွာအုပ်စု၊ ရေတွင်း ကုန်းကြီးကျေးရွာမှာ နေထိုင်တာပါ။ စစ်ကောင်စီတပ်က နေအိမ် အထိ လာရောက်ဖမ်းဆီးခဲ့တာလို့ နတ်သံကွင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“KNU ဒုတိယ ဥက္ကဋ္ဌရဲ့ ညီနဲ့ သူတို့ အဖေ အဖမ်းခံရတာ ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းလောက်က နတ်သံကွင်းက သူတို့နေတဲ့ ရွာက အိမ်မှာပဲ စစ်တပ်က လာဖမ်းသွားတာပါ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မျိုးတော့ အသေးစိတ်မသိပါဘူး”
ဒါနဲ့ ပတ်သက်လို့ KNU ရဲ့တာဝန်ရှိသူအဆင့်ဆင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းကတော့ ဒီသတင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပဒိုစောဆဲဂေဟာ မေလဆန်းပိုင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှာ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရခဲ့သူဖြစ်သလို KNU ကာကွယ်ရေးဌာနရဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။
ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်မခံရမီက ပဒိုစောဆဲဂေဟာ KNU တပ်မဟာ-၃ အခြေစိုက်ရာ ညောင်လေးပင်ခရိုင်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံ ခဲ့ရသူ ၂၂၂၁၁ ဦးရှိပြီး အဲ့ဒီထဲက ၁၇,၉၁၈ ဦးဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။