ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် ကွယ်လွန်
2018.08.18

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုတ်တရက် နာမကျန်းဖြစ်ပြီး ဒီကနေ့ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ ဖောင်ဒေးရှင်းက ကြေညာပါတယ်။
သူဟာ ကမ္ဘာ့ဘယ်နေရာဒေသမဆို ဒုက္ခခံစားနေရတာတွေ၊ လိုအပ်တာတွေရှိလာရင် လက်ကမ်းကူညီလေ့ရှိပြီး သူ့ရဲ့ လေးနက်တဲ့ စေတနာနဲ့ ကိုယ်ချင်းစာစိတ်ကြောင့် လူပေါင်းများစွာကို ကူညီအားပေးခဲ့သူတစ်ဦးပါလို့ သူ့ရဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အသက် ၈ဝ အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ အာနန်ဟာ ပထမဆုံး အာဖရိကတိုက်သား လူမည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ၁၉၉၇ ဇန်နဝါရီလကနေ ၂ဝဝ၆ ခုနှစ်အထိ အတွင်းရေးမှူးချုပ်သက်တမ်း ၂ ဆက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကြောင့် ၂ဝဝ၁ ခုနှစ်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲချီးမြင့်ခြင်းခံခဲ့ရပါတယ်။
၂ဝ၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်မှုကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး အဲဒီနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာမှာ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ကျေးရွာတချို့ကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ၂ဝ၁၇ သြဂုတ်မှာ ကော်မရှင်က အပြီးသတ်အစီအရင်ခံစာကို တင်သွင်းထုတ်ပြန်ခဲ့ ပါတယ်။
ကိုဖီအာနန်ဟာ ကောင်းမှုကုသိုလ်ပြုစုရေးအတွက် လမ်းပြခွန်အားတစ်ခုပါလို့ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။ မစ္စတာ အာနန် ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၃ ဦး ကျန်ရစ်တယ်လို့ သိရပါတယ်။