လူ့အခွင့်အရေး လေးစားဖို့ တပ်မတော်ကို ကိုဖီအာနန် တိုက်တွန်း
2016.12.06

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးအပ်ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း က ပြဿနာတွေကို ဖြေရှင်းရာမှာ အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားတဲ့အနေနဲ့ တရားဥပဒေဘောင် အတွင်းက ဆောင်ရွက်ကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
အင်္ဂါနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ကိုဖီအာနန်က မောင်တောဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံချက်တွေအပေါ် သူ့အနေနဲ့ အလွန်စိုးရိမ်ပူပန်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူတွေ့ဆုံခဲ့ရာမှာ တပ်မတော်အနေနဲ့ တိုင်းပြည်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့လိုသလို ဒေသခံပြည် သူတွေမှာလည်း ကိုယ်ပိုင်အခွင့်အရေးတွေရှိကြောင်း ရှင်းလင်းစွာ အသိပေးခဲ့တယ်လို့ အေပီ သတင်းက ပြော ပါတယ်။
ဒ့ါအပြင် ကိုဖီအာနန် က တပ်မတော်ရဲ့ စစ်ဆင်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ သွားရောက် ပံ့ပိုးခွင့်မရဘူးဆိုတာ မဖြစ်သင့်ကြောင်းနဲ့ အဲဒီဒေသကို သတင်းမီဒီယာတွေ မကြာခင်သွားခွင့်ရမယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။ သူ့ကို မြန်မာအာဏာပိုင်တွေက နိုင်ငံတကာအဖွဲ့အစည်းတွေ မောင်တောဒေ သကို သွားရောက်ပြီး အခက်အခဲကြုံနေရသူ ပြည်သူအားလုံးကို ကူညီခွင့်ပြုမယ်လို့ ကတိပြုခဲ့ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အခုလို ကိုဖီအာနန်နဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး OIC ( Organization of Islamic Cooperation) ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာယက် ဟာမစ် အယ်လ်ဘာ Syed Hamid Albar က ကိုဖီအာနန်ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သလို ဝါရင့် သံတမန်တဦးဖြစ်ပြီး နိုင်ငံတကာက အထင်အရှား အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှာ ၁၉၉၄ က ဖြစ်ပေါ်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ဖြတ်ပွဲမျိုး နောက်ထပ်ဖြစ်မှာကို ကိုဖီအာနန် လိုချင်မှာ မဟုတ်ပါဘူးလို့ ဝေဖန်ပြောဆိုကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။