မြန်မာလူငယ်နှစ်ဦးရဲ့ မျိုးရိုးဗီဇနဲ့ မတူညီကြောင်း ထိုင်းမှုခင်း ဆရာဝန်ချုပ် ပြောကြား


2015.09.11
koh-tao-620.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိသျှလူငယ်နှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ သားနှစ်ယောက် အမှုနဲ့ပတ်သက်လို့ လူသတ်လက်နက်အဖြစ် သတ်မှတ်ထားတဲ့ ပေါက်တူးရိုးပေါ်ကတွေ့ရတဲ့ DNA ခေါ် မျိုးရိုးဗီဇနဲ့ စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ယောက်ရဲ့ မျိုးရိုးဗီဇ လုံးဝမတူဘူးလို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းဆရာဝန်ချုပ်က တရားရုံးမှာ ဒီနေ့ထွက်ဆိုလိုက်ပါတယ်။

မှုခင်းဆရာဝန်များအဖွဲ့ အကြီးအကဲ ဒေါက်တာဖွန်ထစ်ကိုယ်တိုင် တရားရုံးမှာ ဒီနေ့ ထွက်ဆိုကြောင်း စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို အခုလိုပြောပါတယ်။

"မျိုးရိုးဗီဇဆိုတာနဲ့ပတ်သက်လို့ ဒီနေ့ ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင်ရှင်းပြတာပါ၊ သူစစ်ထားတဲ့ဆေးစာ အထောက်အထားနဲ့ ဒီအန်အေကို တင်ပြတာပါ၊ အမြင်သာဆုံးအချက်တစ်ချက်ကို ပြောရမယ်ဆိုရင်တော့ လူသတ်တရားခံရဲ့ မျိုးရိုးဗီဇ တွေ့တယ်ဆိုတာ ပေါ်လွင်ပါတယ်၊ အဲ့ဒီ မျိုးရိုးဗီဇ နဲ့ မောင်မောင်၊ ကျော်လင်း ၊ နောက်တစ်ခါ ဝေဖြိုးတို့ရဲ့ မျိုးရိုးဗီဇနဲ့ တိုက်ဆိုင်ကြည့်တဲ့အခါမှာ လုံးဝတူညီမှုမရှိဘူးဆိုတာ ထွက်လာပါတယ်၊ ဒါကြောင်မို့လို့ လူသတ်တရားခံဟာ နောက်တစ်ယောက်ဖြစ်နိုင်တာလို့ ဒေါက်တာဖွန်ထစ်က တင်ပြတာပါ"

ဒီအမှုကို လာမယ့် စက်တင်ဘာလ ၂၂ ကနေ ၂၅ ရက်နေ့ထိ ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ အခုလို မျိုးရိုးဗီဇ မတူတာကို ဖော်ထုတ်နိုင်တဲ့အတွက်ကြောင့် မြန်မာလူငယ်နှစ်ယောက်ကို လူသတ်မှုနဲ့အရေးယူနိုင်မယ့် အခြေအနေအတော်နည်းပါးသွားပြီဖြစ်လို့ လာမယ့် အောက်တိုဘာလထဲမှာ အမှုပြီးပြတ်ပြီး လွတ်မြောက်နိုင်ချေ ရှိတယ်လို့ ရှေ့နေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။