ခိုတောင်းကျွန်းမှ လူသတ်မှု လူငယ် ၂ ဦး အပြီးသတ် စစ်ဆေး
2015.10.11

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ မြန်မာအလုပ် သမား ကိုဝေဖြိုးနဲ့ ကိုဇော်လင်းတို့အမှုကို အောက်တိုဘာ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တရားရုံးက အပြီးသတ် စစ်ဆေးပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေခရိုင်တရားရုံးမှာ စနေနေ့က ကိုဇော်လင်းကို စစ်ဆေးခဲ့ပြီး မနေ့က ကိုဝေဖြိုးကို စစ်ဆေးခဲ့ရပါတယ်။ ကိုဝေဖြိုးကို စစ်ဆေးခဲ့မှှုနဲ့ ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို အခုလို ပြောပါတယ်။
“ဝေဖြိုးလေးက စူရတ်ဌာနီကိုရောက်ပြီးတော့ ရဲစခန်းမှာ နှိပ်စက်ညှင်းပန်းလို့ ဝန်ခံရတယ်ဆိုတဲ့ အကြောင်းကို သူက ထွက်ဆိုသွားတာပါ ပြီးတော့မှ နောက်ဆုံး ဝန်ခံတဲ့အခါမှာ ဟတ်စကီးနဲ့ ကော့သောင်းကျွန်းကိုခေါ် ပြီးတော့ သရုပ်ပြခိုင်းတယ်ဆိုတဲ့အကြောင်း သရုပ်ပြတဲ့အခါမှာ ဘာသာပြန်တွေကနေပြီးတော့ သရုပ်ပြခိုင်း တဲ့ပုံစံအတိုင်း လိုက်လုပ်ရတဲ့အကြောင်း ဒါတွေပါပဲ ဒါတွေကို စီကာပတ်ကုံးနဲ့တော့ စစ်ပြီးသွားပါပြီ “
စနေနေ့ကညပိုင်း ၇ နာရီကလည်း ကိုဇော်လင်းကို စစ်ဆေးအပြီးမှာ ကိုဝေဖြိုးကို ၃ နာရီကြာ ဆက်စစ်ခဲ့သေး တယ်လို့လည်း သိရပါတယ်။ ကိုဝေဖြိုး ထွက်ချက်ပေးခဲ့ရာမှာလည်း CCTV ထဲက ပြေးနေတဲ့သူဟာ သူမဟုတ်ကြောင်း ရဲတွေမေးမြန်းစဉ်ကလည်း ငြင်းဆိုခဲ့ပေမယ် ငြင်းဆန်ရင် အရိုက်ခံနေရတာကြောင့် နောက်ဆုံး မခံနိုင်ပဲ ဝန်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ရတယ်လို့လည်း သိရပါတယ်။
ကိုဇော်လင်းကို အောက်တိုဘာ ၁ဝ ရက်နေ့က စတင်စစ်ဆေးခဲ့ရာမှာ အစိုးရရှေ့နေဖက်က DNA တူတဲ့အချက် CCTV မှာတူတဲ့အချက်တွေကို မပြောဆိုတော့ပဲ ဖြောင့်ချက်ပေးခဲ့တဲ့ အချက်တွေကို ထောက်ပြီး အစိုးရရှေ့နေတွေက တန်ပြန်မေးခွန်းတွေ မေးမြန်းခဲ့ပေမယ့် ရဲစခန်းကစဖမ်းချိန်မှာ ညှင်းပန်းနှိပ်စက်မှုတွေ ခြိမ်းခြောက်ခံရတာတွေကြောင့် ကြောက်ပြီးထွက်ဆိုခဲ့ရတယ်ဆိုတာကို တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ရဲစခန်းမှာဝန်ခံချက်ပေးတာ တရားမဝင်ဘူးဆိုတာသိပေမယ့် ထောင်ထဲမှာဆက်ပြီးတော့ ဝန်ခံတာရယ် ရဲခေါ်လာတဲ့ရှေ့နေကို ခံဝန်ချက်ပေးတယ်ဆိုတဲ့အချက်တွေကို ကြည့်ပြီးတော့ သူတို့က မှန်ကန်လို့သာ သူတို့ဝန်ခံတယ်ဆိုတာမျိုးနဲ့ တင်လာတာပါ။ ၁ဝ ရက် ၁ဝ လအချက်ကိုပဲ ပြောမယ်ဆိုရင် ၈ ရက် ၁ဝ လမှာမှ ထောင်ထဲကိုစပြီးပို့တာ အဲ့ဒီအချိန်မှာ ရဲစခန်းက နှိပ်စက်ညှင်းပန်းတဲ့ အကြောက်တရားတွေက ရှိနေတုန်းပါပဲ
သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေနဲ့ ထိုင်းအစိုးရရှေ့နေဖက်က မေးမြန်းမှုတွေဟာ လောလောဆယ် အခြေအနေအထိ အလားအလားကောင်းတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ အပြီးသတ် စစ်ဆေးမှုတွေပြီးသွားရင် ရှေ့လထဲမှာ အမိန့်ချမှတ်သွားမယ်လို့ သိရပါတယ်။