လိပ်ကျွန်းလူသတ်မှု သက်သေတွေ စတင်စစ်ဆေး


2014.10.14
koh-tao-murder-305.jpg ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ်
Photo: Min Oo

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သက်သေအဖြစ် မြန်မာအလုပ်သမား ၃ ဦးကို စူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

အစိုးရ တရားလိုပြသက်သေအဖြစ် ကိုမောင်မောင်၊ ကိုအောင်ဇော်လင်းနဲ့ မနီနီအောင်တို့ကို စစ်ဆေး ခဲ့ကြောင်း ဒီကနေ့စစ်ဆေးရာမှာ အမှုအတွက် အလားအလာကောင်းတွေ တွေ့ရကြောင်း အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ဦးမင်းဦးက ပြောပါတယ်။

ကျနော့်အနေနဲ့တော့ အားတက်စရာတွေ အများ ကြီးတွေ့တယ်ဗျ၊ သူတို့တွေကိုလည်း ကျနော်တို့ အနီးကပ်ထိုင်ပြီးတော့ ဒီလိုလေးတွေတော့ဖြစ် သင့်တယ်၊ မင်းတို့မိဘတွေလည်း ဒီမှာရောက်တော့ မယ်နော်၊ ငါတို့ခေါ်ထားပေးပြီးပြီ၊ ဒါတွေ ကိုပြောပြတော့ သူတို့တွေလည်း သူတို့ကိုကြည့်ရတာ အားတက်တဲ့ပုံစံရှိတယ်၊ ကျန်ခဲ့တဲ့အပတ်က ထောင်မှာ သွားတွေ့တဲ့ပုံစံအတိုင်း သူတို့ပုံစံကတော့ အေးအေးဆေးဆေးပဲ၊ ကျနော်တို့အားရတာကတော့ သက်သေတွေ က ဒီနေ့ထွက်တာကောင်းနေတယ်၊ အဲ့ဒါကို ကျနော်တို့အားရတယ်

တရားရုံးကို လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးလည်း လာရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်ဆေးမှုမှာ FED အဖွဲ့က ဦးမိုးဝေ အပါအဝင် အခြားမြန်မာနိုင်ငံသားနှစ်ဦးက စကားပြန်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုမှာ စွပ်စွဲခံရတဲ့မြန်မာနှစ်ဦးကို မှားယွင်းအရေးယူမှု မရှိစေရေးနဲ့ မျှတမှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်ရေးအတွက် ဘန်ကောက်မြို့မှာ ဗြိတိန်သံရုံး အရာရှိတွေ နဲ့ မြန်မာသံရုံးအရာရှိတို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။