လူသတ်မှုကို မသိကြောင်း ထိုင်းအစိုးရသက်သေ ကိုမောင်မောင် ပြောကြား
2014.10.08

ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ နောက် ထပ် မြန်မာလူမျိုးတစ်ဦးကို မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဒီနေ့ ဘော်ဖု ရဲစခန်းမှာ တွေ့ ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ကိုမောင်မောင်ဆိုသူဟာ အမှုနဲ့ ပတ်သက်ပြီး တစုံတရာသိရှိသူမဟုတ်ပါဘူးလို့ မြန်မာအလုပ်သမား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"မောင်မောင်ကို ကျနော်မေးလိုက်တဲ့အခါမှာတော့ အမှုနဲ့ပတ်သက်လို့ သူဘာမှမသိပါဘူး၊ သူ့ရဲ့အခန်းထဲ မှာ ဝင်းဇော်ထွန်း ဝတ်ထားတဲ့ဘောင်းဘီ ရှိတာမှတပါး ကျန်တာသူဘာမှသိတာ မရှိပါဘူး၊ အဲ့တော့ ကျနော်ပြောတယ် ဘာသာပြန်ကို မင်းပြန်တဲ့အထဲမှာ ဒီကလေးပြောတဲ့အတိုင်းပဲလားလို့မေးပါတယ်၊ ကျနော်တို့ရှေ့မှာတော့ ဟုတ်တယ်လို့ပြောပါတယ်၊ ဒါဆို ဒီကလေးက အမှုနဲ့ပတ်သက်တာမရှိပဲနဲ့ တရားခံမဟုတ်ပဲနဲ့ ဘာဖြစ်လို့ ထိန်းသိန်းထားသလဲဆိုတာက ကျနော်မေးတဲ့အခါကျတော့ သူကတရားလိုပြ သက်သေဖြစ်နေလို့ သူ့ကိုအပြင်ရောက်သွားလို့ရှိရင် သက်သေကို ဖျက်ဆီးမှာစိုးလို့ သူတို့ထိန်းသိမ်းထားပါတယ် ဆိုပြီး ပြောပါတယ်"
ကိုမောင်မောင် ကို တရားလိုပြသက်သေအနေနဲ့ ထိန်းသိမ်းထားတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောတယ် လို့ သိရပါတယ်။ သူတို့ကိုရုံးတင်စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံဘက်က ရှေ့နေတွေနဲ့ လိုက်ပါဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။
အဲဒီအမှုတွဲကို လေ့လာကြည့်ရှုဖို့ မြန်မာကောင်စစ်ဝန်အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေ ဖက်က တရားရုံးကို မတင်ပြရသေးတဲ့အတွက် ခွင့်မပြုနိုင်ကြောင်း ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
သူတို့ကိုအမြန်ဆုံး တရားရုံးတင်နိုင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ကြောင်း နဲ့ ကော့စမွီးတရားရုံးနဲ့ စူရပ်ဌာနီတရားရုံးတွေမှာ စစ်ဆေးဖွယ်ရှိကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိသျှလူမျိုးနှစ်ဦး အမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ သက်သေအဖြစ်ပါဝင်နေတဲ့ မြန်မာနိုင်ငံသား ကိုမောင်မောင်ကို မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖဲ့ွက ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာပါဝင်တဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိသားစုတွေနဲ့ ဆွေမျိုးတွေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။