ခိုတောင်းကျွန်း လူသတ်မှု နောက်ဆုံးအယူခံ တရားရုံးလက်ခံ


2017.08.21
kohtao-622.jpg ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
.

ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးအတွက် နောက်ဆုံးအယူခံကို ဒီနေ့ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံးတရားရုံး မှာတင်ခဲ့ပြီး တရားရုံးက အယူခံကို လက်ခံလိုက်ပါတယ်။

ဒီနေ့အယူခံလျှောက်လွှာတင်ပြီးနောက် တရားရုံးဘက်က ၆ လကနေ တစ်နှစ်အတွင်း ဆုံးဖြတ်ချက်ချသွားမယ့် အနေအထားရှိတယ်လို့ မြန်မာသံရုံးအထူး ကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။

"ဖြစ်ရိုးဖြစ်စဉ်အရဆိုရင်တော့ ဒီလိုအမိန့်တစ်ခုဟာ ၆ လကနေ ၁ နှစ်အတွင်းကြာပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပထမအယူခံတရားရုံးမှာ အမိန့်ချခဲ့တဲ့ရက်ကို ပြန်ပြီးတော့တွက်ကြည့်မယ်ဆိုရင် ၆ လ မပြည့်ခင် အမိန့်ချခဲ့တယ် ဆိုတာ ကျနော်တို့ ပြန်လေ့လာလို့ရပါတယ်။ ဒါကြောင့်မို့လို့ အမှုဟာ ကောင်းတဲ့အလားအလာရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီအထက်တရားရုံးတော်မှာလည်း ကျနော်ထင်တယ် ၆ လပတ်ဝန်းကျင်အတွင်းမှာကို အမိန့်ထွက်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျ"

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က လူသတ်မှု၊၊ မုဒိန်းမှု၊ တရားမဝင် ခိုးဝင်နေထိုင်မှု စတဲ့ပြစ်မှု ၇ ခုနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ထားတာဖြစ် ပါတယ်။

အဲဒီနောက် ထိုင်းအယူခံတရားရုံးမှာ နှစ်ကြိမ်အယူခံတင်ခဲ့ပေမယ့် သေဒဏ်သာ ထပ်မံချမှတ်ခဲ့တာကြောင့် အခုနောက်ဆုံး အဆင့်မြင့်ဆုံးတရားရုံးမှာ အယူခံတင်ရတာဖြစ်ပါတယ်။

အဲဒီအယူခံလျှောက်လွှာမှာ လူသတ်မှုမှာ သက်သေအဖြစ်တင်သွင်းတဲ့ ပေါက်တူးမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ DNA မတွေ့ရှိကြောင်း၊ DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ မညီတာတွေရှိကြောင်းနဲ့ ရုံးတော်ကိုတင်ပြတဲ့ DNA စစ်ဆေးချက်မှာ ပြင်ရာ၊ ဖျက်ရာတွေ ရှိနေကြောင်း ထည့်သွင်းရေးသားထားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အဆင့်မြင့်တရားရုံးအနေနဲ့ အရင်အတိုင်းသာ ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွင်းဖို့ ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့က ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ထိုင်းရှေ့နေများကောင်စီက သွားရောက် တွေ့ဆုံရာမှာ ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။