ကိုထင်ကျော် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ
2014.06.19

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဘာကြောင့်အစစ်ဆေးမခံပဲ သပိတ်မှောက် ဆန္ဒပြရတယ်ဆိုတာ ကိုထင်ကျော်က အခုလို ပြောပါတယ်။
"ပြီးခဲ့တဲ့ ၅ ရက်နေ့က ထောင်သုံးရမာန် ရမာန်ကြီးတစ်ပတ် ၁၄ ရက်ပြည့်ပါတယ်၊ ကျနော့်ကို နောက်ထပ် ၁၄ ရက် မျက်ကွယ်ရမာန်နဲ့ ကျနော့်ကိုထားတဲ့အတွက် ကျနော်ဟာ နိုင်ငံသား တစ်ယောက်ဖြစ်ပြီးတော့မှ အချုပ်မှာကျနော်တာဝန်မဲ့ ၂၈ ရက်နေခဲ့ရပါတယ်၊ မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ ပျက်စီးနေတဲ့ တရားရေးစနစ်ကို ပြုပြင်ခြင်းဖြစ်ပါတယ်၊ ကျနော်က တရားစီရင်ရေးရဲ့ နိုင်ငံသားအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် တရားရုံးအရှေ့မှာ ကျနော် ပက်လက်လန်ပြီးတော့မှ တရားရုံး ရုံးထုတ်ကို သပိတ်မှောက်ကြောင်း ကြေညာတာဖြစ်ပါတယ်"
ကိုထင်ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလက ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။
ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ်အပြင် တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်စတဲ့ မြို့နယ်တွေမှာ ပြည်ထောင်စု အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုရင်ဆိုင်နေရပါတယ်။
မြောက်ဥက္ကလာပမြို့ တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုလိုက်ကြောင်း သိရပါတယ်။