ကိုထင်ကျော်ကို နောက် ထပ် ထောင်တစ်နှစ် ချမှတ်
2014.08.19

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ နှစ်ကျခံဖို့ အမိန့် ချမှတ်လိုက်ပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးကို သွားရောက်ခဲ့ တဲ့ မရမ်းကုန်းမြို့နယ်က မြေသိမ်းခံရသူ ဒေါ်စိန်ထွေး က အခုလိုပြောပါတယ်။
"ဒဂုံမြို့ဆိပ်ကမ်းက အမိန့်ချလိုက်တာ အလုပ် ကြမ်း နဲ့ ထောင် ၁ နှစ်၊ အချုပ်ရက်ခံ စားစေပေါ့နော်၊ ကျန်းမာရေးကတော့ ကောင်း ပါတယ်၊ ကျနော်တို့ ကတော့ ကိုထင်ကျော် ညွှန်ကြားတဲ့အတိုင်း ရက်ဆက်လုပ်ရင်လည်း လုပ်ရပါစေ"
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ် ၁၁ မြို့နယ်က တရားစွဲထားတာဖြစ်ပြီး ဒီနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အပါအဝင် ၈ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။
ကိုထင်ကျော်ဟာ မြို့နယ် ၈ မြို့နယ်က ချမှတ်ထားတဲ့ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ခွဲကို ကျခံရမှာဖြစ်ပါတယ်။
ဒီနေ့မှာပဲ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို လသာမြို့နယ်တရားရုံးက ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချလိုက်ပါတယ်။
လသာမြို့နယ်တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး မိကျောင်းကန်သပိတ်စခန်းက မစောစန္ဒာက အခုလို ပြောပါတယ်။
"စည်ပင်တရားရုံးဟာ ဦးစိန်သန်းက ကျန်းမာရေးမကောင်းဘူး၊ ခွင့်တွေတင်နေတယ်ပေ့ါနော်၊ ရုံးချိန်းတွေယူနေတယ်၊ စည်ပင်တရားလူကြီးကိုယ်တိုင်က ၂၁ ရက်နေ့ ရုံးချိန်းပေးပြီးသား၊ အဲဒါကို ၁၉ ရက်နေ့ကျတော့ ကျောက်တံတားက ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တယ်၊ ၂၁ ရက်နေ့ ရုံးချိန်းပြီးတော့မှ ဖမ်းဝရမ်း ၁၉ ရက်နေ့မှာ ဘာလို့ထွက်လာတာလဲလို့ အဲဒါမကျေနပ်လို့ ၂၁ ရက်နေ့မှာ အဲဒီ့ ၆၁ ပုဒ်မကို ကျမတို့သွားဖြေရှင်းတာ၊ အဲဒါမတရားမှုဆိုပြီးတော့ ဦးစိန်သန်းနောက်ကနေ ပြည်သူတွေကလည်းပါတာပေါ့နော်၊ လိုက်သွားပြီး ဖြေရှင်းကြတာ၊ အဲဒါကို ခွင့်ပြုချက်မယူလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ လကျခံစေဆိုပြီး အမိန့်ချမှတ်လိုက်တာ"
ဦးစိန်သန်းကို ဗဟန်း၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းမြို့နယ် တရားရုံးတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့အပြင် လသာမြို့နယ် တရားရုံးက စည်ပင်ပုဒ်မ ၆၈ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။