သမီးလေးကျေးရွာအရေး ဆန္ဒပြမှုအတွက် ကိုထင်ကျော် ကို ထောင်ဒဏ် ၃ လချမှတ်
2014.06.04

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဒီနေ့ ကျောက်တံ တားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကို တိုင်းဒေသကြီးအစိုးရက ကျူးကျော်အဖြစ် သတ်မှတ်ပြီးဝင်ရောက်ဖျက်ဆီးခဲ့တဲ့ အပေါ် ကိုထင်ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ ဆန္ဒပြကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့က ပေးပေမဲ့ ဆန္ဒပြနေချိန် မှာမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခွင့် မပြုကြောင်းပြောပြီး ဖမ်းဆီးခဲ့တာလို့ အမိန့်ချအပြီးမှာ ကိုထင်ကျော်က အခုလိုပြောပါတယ်။
"ဒီကနေ့ ကျောက်တံတားတရားရုံးကနေ ကျနော် ကို ထောင်ဒဏ် ၃ လ နဲ့ပြစ်ဒဏ်ချမှတ်ပါတယ်၊ ဆန္ဒပြ တဲ့ကိစ္စကို ခွင့်ပြုချက်မယူလို့ ဆိုပြီးချတာဖြစ်ပါတယ်၊ အဲ့ဒီဟာက မမှန်ပါဘူးဗျာ၊ ကျနော်တို့က တရား ဥပဒေစိုးမိုးရေးကို လက်ခံတယ် ဥပဒေအကြောင်းအရ ခွင့်ပြုချက်တင်ခဲ့တယ် ကျောက်တံတား မြို့နယ်မှာ ခွင့်ပြုချက်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးကပေးပြီးတော့ ဆန္ဒပြကာမှ တိုင်းနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက မပေးပါဘူးဆိုပြီးတော့ ဆန္ဒပြတဲ့အချိန်မှာ လာပြီးတော့ ခွင့်ပြုချက်ကို ငြင်းပယ် ပါတယ်၊ ဒါဟာအစိုးရနဲ့ ဒီသက်ဆိုင်ရာပြည်ထောင်စုအစိုးရတွေဟာ တရားဥပဒေစိုးမိုးရေးကို အစိုးရကိုယ်တိုင် ဒါချိုးဖျက်တာပဲ"
ဖျက်ဆီးခံရတဲ့ သမီးလေးကျေးရွာက ဒေသခံတွေအတွက် ပြန်လည်နေရာချထားပေးဖို့ အစိုးရမှာ တာဝန်ရှိကြောင်း လည်း ကိုထင်ကျော်က ပြောပါတယ်။
ကိုထင်ကျော်ဟာ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်တွေကို မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ ဝေခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့လည်း အမှုရင်ဆိုင်နေရပါတယ်။