ဒေသပြင်ပ ထွက်ခွာပြီး စစ်ဘေးမရှောင်ဖို့ ကိုးကန့်ဦးစီးအဖွဲ့ ပြောကြား
2023.11.29

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်းနေထိုင်သူတွေအနေနဲ့ ကိုးကန့်ဒေသပြင်ပထွက်ပြီး စစ်ဘေးမတိမ်းရှောင်ကြဖို့ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေကြောင့် ကိုးကန့်တိုင်းရင်းသားတွေဟာ BP-၁၂၅ ဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေကြပြီး ရွှေ့ပြောင်းလုပ်သားတွေက လားရှိုးကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ လောက်ကိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က အိမ်တွေမှာ မရှိတော့ဘူး။ အကုန်လုံး တံခါးပိတ် ထွက်ပြေးကြပြီ။ ဒေသခံတွေကတော့ ဒုက္ခသည်စခန်းဘက်ကိုသွားတယ်။ ရွှေ့ပြောင်းတွေကတော့ လားရှိုးဘက်ကို ဆင်းကြ တာများတယ်။”
အခုလ ၂၃ ရက်နေ့ကစပြီး မြို့ပေါ်ကနေ လူတွေ တဖြည်းဖြည်းထွက်ခွာနေကြတာလို့ ဆိုပါတယ်။
ကိုးကန့်ဒေသခံတွေ သွားရောက်ခိုလှုံကြတဲ့ ဒုက္ခသည်စခန်း BP-၁၂၅ ဘက်ကို လက်နက်ကြီး ကျရောက်တဲ့အတွက် ဒေသခံတွေ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုးအနီးကို ထွက်ပြေးတာလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နေလယ်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်၊ လောက်ကိုင်မြို့အနီး နယ်စပ်ခြံစည်း ရိုးမျဉ်း BP-၁၂၇ မှာ သွားရောက်ခိုလှုံနေတဲ့ ကိုးကန့်တိုင်းရင်းသားတွေကို တရုတ်ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးသုံးပြီးနှင်ထုတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်လာခဲ့ပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့က ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အန္တရာယ်များတဲ့အတွက် ကိုးကန့် ဒေသအပြင်ဘက် မထွက်ခွာဖို့နဲ့ လူငယ်တွေအနေနဲ့ လောက်ကိုင်-ချင်းရွှေဟော်လမ်းပိုင်းကို အသွားအလာ မလုပ်ဖို့ပြောပါတယ်။
ဒီအတိုင်းဖြစ်နေမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ စစ်ဘေးဒုက္ခသည်တွေ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်စတဲ့ စားနပ်ရိက္ခာတွေ ရရှိနိုင်ဖို့ ဖြေရှင်းဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ BP-၁၂၅ ဒုက္ခသည်စခန်းမှာ လူဦးရေ တစ်သိန်းလောက်နေထိုင်နေတယ်လို့ ဖော်ပြထားပါတယ်။