ဝန်ကြီး ဦးကိုကိုလှိုင်ကို စစ်ခေါင်းဆောင်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ကမ္ဘောဒီးယားကိုစေလွှတ်
2024.08.02

မြန်မာပြည် ပြည်တွင်းစစ်ပြဿနာဟာ မဝေးတော့တဲ့အနာဂတ်မှာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဝန်ကြီး ဦးကိုကိုလှိုင်ကို ပြောလိုက်တယ်လို့ ခမာတိုင်းမ်စ် သတင်းစာမှာ သြဂုတ်လ ၂ ရက်နေ့ ဖော်ပြထားပါတယ်။
ဝန်ကြီး ဦးကိုကိုလှိုင်ဟာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို သြဂုတ်လ ၁ ရက်နေ့က ရောက်နေတာပါ။ သူဟာ ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တွေ့ဆုံသလို၊ ဝန်ကြီးချုပ်ရဲ့ ဖခင်ဖြစ်တဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့လည်း တွေ့ဆုံကြပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယားအနေနဲ့ ပါဝင်ဆောင်ရွက်နေမှာသေချာတယ်လို့ ဟွန်ဆန်က ထပ်ပြီးပြောဆိုလိုက်ပါတယ်။ အဲဒီလို ပါဝင်တာဟာ ကမ္ဘောဒီးယားအနေနဲ့ အတိတ်မှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့သလို၊ မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေ ပျောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ အကျိုးစီးပွားအတွက်မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အထူးကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့ဟာ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးချက်တွေထဲမှာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်းဆက်ဆံရေး ကိစ္စတွေ ပါဝင်တယ်လို့ ခမာတိုင်းမ်စ် သတင်းက ရေးထားပါတယ်။