ဦးကိုနီ အသတ်ခံရမှု CCTV မှတ်တမ်းတွေကို စစ်ဆေး

2017.08.25
koni-murder-aug25-622.JPG တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံရာမှာ ပါဝင်ခဲ့သူတွေကို သြဂုတ်လ ၂၅ ရက်နေ့က တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အချိန်က ရိုက်ကူထားတဲ့ ရန်ကုန်လေဆိပ် မှာရှိတဲ့ CCTV အလုံး ၁၀၀ ကျော်က မှတ်တမ်းဗီဒီယိုဖိုင်တွေကို   အင်းစိန်မြို့နယ်က မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ သက်သေအဖြစ် စစ်ဆေးပါတယ်။

အဲဒီ ကင်မရာမှတ်တမ်းတွေအရ ဦးကိုနီ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်မယ့် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော်ဟာ ရန်ကုန်လေဆိပ်အတွင်းကို ဘောင်းဘီတိုနဲ့ ဝင်လိုက်ထွက်လိုက် လုပ်နေတာကို လည်း တွေ့ရတယ်လို့ ဦးကိုနီဘက်က အမှုလိုက်လိုက်တဲ့ တရားလွှတ်တော်ရှေကနေ ဦးနေလက ပြောပါတယ်။

"လုပ်ကြံတဲ့အချိန်က ၁၆ နာရီ ၅၉ မိနစ်ပေါ့နော်၊ သေနက်နဲ့ပစ်တဲ့အချိန် ဒီလိုယူဆရတယ်လေ၊ သူတို့က အဲ့မတိုင်ခင် ၁၅ နာရီပေါ့ စောပြီးရောက်ရှိနေတယ်၊ စောပြီးရောက်ရှိနေတဲ့အတွက်ကြောင့် ဦးကိုနီ ဒီနေရာကို လာရောက်မယ်ဆိုတာကို ဒီနေ့ ပြန်လာမယ်ဆိုတာကို ကြိုတင်သိရှိတယ်၊ လေဆိပ်ထဲကို အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဝင်လိုက်ထွက်လိုက်လုပ်တယ်၊ လုပ်ပြီးတဲ့အခါကျတော့ အနီးကပ်စောင့်ကြည့်တယ်၊ သေတာနဲ့ အချိန်ကျမှသာလျှင် ဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ စီစီတီဗီ မှတ်တမ်းတွေမှာ ဒီကိစ္စဟာ အပြည့် အဝပေါ်ပေါက်တယ်လို့ ကျနော်ပြောချင်ပါတယ်"

ဗီယိုဖိုင်ကို သက်သေအထောက်အထားအဖြစ် စစ်ဆေးတာဟာ မြန်မာနိုင်ငံရေး တရားဥပဒေသမိုင်းမှာ ပထမ ဆုံးဖြစ်ပြီး ဒီနေ့ စစ်ဆေးတဲ့ ဗီဒီယိုဖိုင်ဟာ ဦးကိုနီအမှုအတွက်  များစွာအထောက်အကူဖြစ်တယ်လို့ တရားလို ဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလ က ဆက်လက်ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ကို ဘားအံမှာ သွားရောက်ဖမ်းဆီးတဲ့ ရဲအုပ်၊ ဖမ်းဆီးတဲ့ အချိန်တုန်းကပါတဲ့ သက်သေ ခံပစ္စည်းထဲမှာ လက်စွပ်တကွင်းပါလာတဲ့အတွက် အဲဒါဟာ ရွှေ ဟုတ် မဟုတ် စစ်ဆေးပေးသူနဲ့၊ ရှာဖွေသက်သေ ၂ ယောက်နဲ့ ရန်ကုန်လေဆိပ် CCTV မှတ်တမ်းထိန်းသိမ်းရေးအခန်းက လုံခြုံရေး ကြီးကြပ်ရေးမှူး အပါအဝင် သက်သေ ၅ ယောက်ကို စစ်ဆေးတာဖြစ်ပြီး အဓိကကတော့ ရန်ကုန်လေဆိပ် CCTV မှတ်တမ်း ထိန်းသိမ်းရေးအဖွဲ့ကို စစ်ဆေးတာဖြစ်ပြီး စစ်ဆေးချိန်ကလည်း ဒီနေ့မှာတော့ ၅ နာရီကျော် ကြာမြင့်ခဲ့တာပါ။

ဒီနေ့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေ့ရ ဦးကိုနီကို လုပ်ကြံခံရနီးအချိန်မှာ အောင်ဝင်းဇော်ကလည်း အနီးအနားမှာရှိကြောင်း တွေ့ရတယ်လို့ သိရပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ကြံသူ ကြည်လင်းအပါအဝင် ပါဝင်ပတ်သက်သူတွေလို့ သတ်မှတ်ထားတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရုံးထုတ်ခဲ့တာပါ။ အဓိက ပါဝင်ပတ်သက်သူ တစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်းလည်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။