ဦးကိုနီလုပ်ကြံခံရမှု တရားခံပြေး ရှာဖွေခဲ့သူတွေကို စစ်ဆေး

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ခဲ့တဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ၁၀ ကြိမ်မြောက် ရုံးထုတ်ရာမှာတော့ တရားခံပြေးအမှုနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ တရားခံရှာဖွေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးပါတယ်။
ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေး အောင်ဝင်းခိုင်ပာာ ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ နေပြည်တော်မှာရှိတဲ့ ကုမ္ပဏီရုံးခန်းတစ်ခုကို လာရောက်သွားတယ်လို့ နေပြည်တော်မှာရှာဖွေတဲ့ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုသွားတယ်လို့ တရားလိုဘက်က ရှေ့နေဖြစ်တဲ့ ဦးနေလ က ပြောပါတယ်။
"ဒီနေ့အကျိုးသက်ရောက်မှုက အောင်ဝင်းခိုင်ဟာ ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ နေပြည်တော်မှာရှိတဲ့ ကုမ္ပဏီရုံးခန်းတစ်ခုကို လာရောက်သွားတယ်ဆိုတဲ့အချက်ကိုတော့ ရလိုက်တယ်၊ အဲဒီတော့ မှုခင်းဖြစ် ပွားတဲ့ကာလ ဇန်နဝါရီလ ၂၉ ရက်နေ့ အခု ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ပတ်ဝန်းကျင်လောက် မှာ နေပြည်တော်မှာရှိနေသေးတဲ့ အဲဒီကုမ္ပဏီရုံးခန်းကို လာရောက်ခဲ့တယ်ဆိုတဲ့ အချက်တစ် ချက်တော့ ပေါ်လာတာတွေ့ရတယ်"
နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ဒုရဲမှူးဌေးအောင်၊ ဇဗ္မူသီရိမြို့နယ်အပိုင် နယ်ထိန်းရဲတပ်ကြပ် လှဌေး၊ ဒုတပ်ကြပ် ကျော်ဇော်ဝင်း၊ ဇေယျာသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြ၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ နေပြည်တော်မှုခင်းတပ်ဖွဲ့ မှုခင်းကြီးကြပ်ရေးဌာနခွဲ တရားစွဲဌာနက ဌာနစုမှူး ရဲမှူး သန်းမြင့်အောင် တို့ ၆ဦးက ပြီးခဲ့တဲ့ မေလအတွင်းက တရားခံပြေး သွားရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်းမှာ ထွက်ဆိုတာပါ။
နောက်တကြိမ်ရုံးချိန်းမှာ ဝရမ်းအတည်ပြု ရဲနဲ့ အရပ်သားသက်သေ ၂ဦးကို ရာဇဝတ် အထွေထွေပုဒ်မ ၂၀/၂၀၁၇ နဲ့ ပြန်လည်စစ်ဆေးဖို့ကို ချိန်းဆိုထားပါတယ်။
သက်သေတွေရဲ့ ထွက်ဆိုချက်တွေကိုတော့ သက်ဆိုင်ရာ အထူးခုံရုံးမှာ တရားဝင် မှတ်တမ်းတင်ထားပါတယ်။