ကိုပါကြီးအမှု ထပ်မံစစ်ဆေးပေးဖို့ သမ္မတထံ တင်ပြ
2014.12.10

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ ပြည့်စုံလုံလောက်မှု မရှိတဲ့ အတွက် နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်နဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်ကိုဖွဲ့စည်းပြီး ထပ်မံစစ်ဆေးပေးဖို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူက နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြတောင်းဆိုလိုက်ပါတယ်။
ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ဘယ်သူတွေမှာတာဝန်ရှိပြီး ဘယ်ဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုတာကို ထောက်ပြ ထားတာမရှိတဲ့အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာပေးပို့တာလို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။
"အမတို့ မျက်မြင်ကိုယ်တွေ့ အလောင်းသွားဖော်တဲ့နေရာမှာ ပစ်စလက်ခတ် မြှုပ်နှံထားခြင်းမျိုးတွေရှိတယ် ၊ နောက်အမတို့ စပြီးပျောက်ဆုံးကတည်းက သွားစုံစမ်းတဲ့နေရာမှာ ဖုံးကွယ်ထားမှုတွေရှိတယ်၊ အမလိုက်သွားတုန်းက ၁၉ ရက်ဆိုတာ သူအသတ်ခံရပြီးပြီ၊ ဒါပေမဲ့ အမကို ဘာမှမပြောဘူးဆိုတာ သတင်းထိန်ချန်ထားတာဖြစ်သလို အလောင်းဖျောက်တာလည်းဖြစ်တယ်၊ ဒီလူတွေကိုကျတော့ ဥပဒေတွေနဲ့ ဒါတွေကျူးလွန်ပါတယ်လို့ ထောက်ပြထားတာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ လုံးဝမပါဘူး၊ ဒါကြောင့် အမတို့က တစ်ချက်ခြင်းထောက်ပြပြီးတော့ စာတင်တာဖြစ်တယ်"
ကိုပါကြီးအလောင်းကို စစ်ဆေးရာမှာ တေ့ွရှိခဲ့တာတွေနဲ့ ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြချက်တွေဟာ ကွဲလွဲနေတယ်လို့လည်း မသန္တာက ပြောပါတယ်။
ကိုပါကြီးအဖမ်းခံရစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်နေပေမဲ့ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးခြင်းမရှိဘဲ တပ်မတော်ကပဲ စစ်ဆေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ ဒီနေ့ ပေးပို့တဲ့စာမှာ ပါရှိပါတယ်။
ကိုပါကြီးဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့မှာ အစောင့်တစ်ဦးထံက သေနတ်ကို လုယူဖို့ကြိုးစားခဲ့တဲ့ အတွက် သေနတ်နဲ့ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တာဖြစ်တယ်လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်တဲ့ ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ကိုပါကြီးရဲ့ဇနီး မသန္တာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။