ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် ၅၀ ပြည့် ကျင်းပ
2014.07.23

နှစ်ပေါင်း ၃၈နှစ်ကြာ အခမ်းအနားကျင်းပခွင့် ပိတ်ပင် ခံထားရတဲ့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဆရာကြီး ကွယ်လွန်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ် အခမ်း အနားကို ဆရာကြီးရဲ့ မိသားစုဝင်တွေက ဒီနေ့ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။
အခမ်းအနားကျင်းပခွင့်ရခဲ့ပေမယ့် ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စည်းကမ်းချက် ၁၂ချက်နဲ့အညီ ကျင်းပဖို့ ပြောထားတယ်လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ မြေးသမက်ဖြစ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"၃၈ နှစ်ကြာပြီးတဲ့နောက် ၃၈ နှစ်မတိုင်ခင် ၇၆ ခုနှစ်အထိ ကျင်းပခွင့်ရသေးတယ်၊ လာပြီးကြည့် ရှှု့ခွင့်ရတယ်၊ အရင်တုန်းကဆိုရင်တော့ ကျနော်တို့ ကျားကူးဓမ္မာရုံမှာ လုပ်ခွင့်ရခဲ့တယ်၊ ကျနော်တို့ ၁၉၇၆ ခုနှစ်မတိုင်ခင်အထိ လုပ်ခဲ့တဲ့အခွင့်အရေးက ရခဲ့တယ်၊ ဒါပေမယ့် ၇၆ ခုနှစ်မှိှုင်းရာပြည့်ပွဲတော် အရေးအခင်းဆန္ဒပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလုပ်ပိုင်ခွင့်တွေကို ပိတ်လိုက်ပါတယ်၊ ဒါပေမယ့် အဲ့ဒါတွေပြန်ရလာတဲ့အတွက် ကျနော်တို့က ဒီနေရာ မှာ ပြန်ပြီးကျင်းပတာပါ"
ဒီနေ့အခမ်းအနားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အလေးပြုခြင်း၊ ဆရာကြီးရဲ့ကဗျာတွေကို ရွတ်ဆိုခြင်းတို့ ပြုလုပ် ခဲ့ကြပါတယ်။
အခမ်းအနားကို ဆရာကြီးမိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စာရေးဆရာများသမဂ္ဂ နဲ့ ကဗျာဆရာများသမဂ္ဂ က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ပန်းဆိုးတန်းမှာရှိတဲ့ The Last Leaf Gallery မှာ ကဗျာဆရာများ သမဂ္ဂက ‘မဟာမှိုင်းအလွန် နှစ် ၅၀ပြည်’့ ခေါင်းစဉ်နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ကဗျာရွတ်ပွဲ ကျင်းပခဲ့ပါတယ်။
ဒီအတောအတွင်း မုံရွာမြို့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အနှစ် (၅၀) ပြည့်အထိမ်း အမှတ် အဖြစ် ‘မှိုင်းအလွန် နှစ်ငါးဆယ်’ အခမ်းအနားကျင်းပတာကို မြို့နယ်အာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့ပါတယ်။ သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် နာယက ကဗျာ၊ စာရေးဆရာကြီး ဦးအံမောင်နဲ့ ကော်မတီဝင်ဦးသန်းအေးတို့ကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပတဲ့အတွက်ဆိုပြီး မြို့ နယ်အုပ်ချုပ်ရေးမှုးရုံးကိုခေါ်ပြီး သတိပေးပြောဆိုတာလို့ ဆရာ ဦးအံမောင်က RFA ကိုပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထင်ပါတယ်ဗျာ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံခဲ့ပြီးတော့ ဆွေးနွေးပြောဆိုခဲ့ရပါတယ်၊ ကျနော်တို့ ဒီလိုပွဲမျိုးတွေ ကျင်းပတဲ့အခါမှာ သူတို့ဆီကို ၅ ရက်ကြိုတင်အကြောင်းကြားဖို့ သတိပေးလိုက် ပါတယ်၊ ကျနော်တို့က ဖိတ်စာကို ပို့လိုက်ပါတယ်၊ ရဲစခန်းကိုပို့လိုက်တာပါ၊ အဲ ဒါပေမယ့်လို့ သူတို့က သူတို့ရဲ့ပုံစံနဲ့ အကြာင်းကြားမှှုကို လုပ်စေချင်ပါတယ်လို့ ပြောလိုက်ပါတယ်ဗျ"
မှိုင်းအလွန် နှစ်ငါးဆယ်ပွဲကို မုံရွာ မြို့မ-ဂါတ်ကျောင်းမှာ မနေ့ကနဲ့ဒီနေ့နှစ်ရက်ကျင်းပဖို့ပြင်ဆင် ထားပြီး မနေ့ကတော့ ပန်းချီပြပွဲ၊ အထိမ်းအမှတ်ပစ္စည်းရောင်းပွဲနဲ့စာတမ်းဖတ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။ ဒီနေ့တော့ ခေါ်ယူသတိပေးခံရတဲ့ အတွက် နေ့ဝက်နဲ့အခမ်းအနားကို ရပ်လိုက်ရတယ်လို့ဆိုပါတယ်။
မန္တလေးမြို့မှာလည်း ၈၄ လမ်းနဲ့၃၈ လမ်းထောင့် ဓမ္မသာလာခန်းမမှာ မှိုင်းအလွန် နှစ်ငါးဆယ်ပွဲကို မနေ့ကစလို့ ၃ ရက်ကြာ ကျင်းပနေပါတယ်။ ဒါပေမဲ့ အနှောင့်အယှက် အခက်အခဲမရှိ ကျင်းပနိုင်တယ် လို့သိရပါတယ်။
ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် ၅၀ပြည့်အထိမ်းအမှတ် အခမ်းအနားအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။