လီဆူနဲ့ တိုင်းလိုင်ပါတီက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသတောင်းတာကို ကန့်ကွက်


2016.09.08
dr-tuujar-620.jpeg ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

၂၁ ရာစု ပင်လုံညီလာခံမှာ လီဆူနဲ့ တိုင်းလိုင်ပါတီတွေက ကချင်ပြည်နယ်အတွင်း ရှမ်းနီပြည်နယ်နဲ့ လီဆူ အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးဖို့ တောင်းဆိုတာကို ကန့်ကွက်ကြောင်း ကချင်ပါတီ ၃ ခုက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သူတို့တောင်းတဲ့ဒေသတွေဟာ လူမျိုးတမျိုးတည်း နေထိုင်တာမဟုတ်တာကြောင့် လူမျိုးမတူတဲ့ဒေသခံတွေက ကန့်ကွက်ကြတဲ့အတွက် ပါတီတွေအနေနဲ့ ကန့်ကွက်တာဖြစ်တယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

"ဒါသူတို့တောင်းဆိုတဲ့နေရာတွေက သူတို့အမျိုးတွေကြီးပဲနေတာမဟုတ်ဘူးလေ၊ တခြားမျိုးနွယ်စုတွေ လည်း အများကြီးနေထိုင်ကြတာဖြစ်တဲ့အခါကြတော့ ဒီဟာက လက်တွေ့နဲ့ မကိုက်ညီဘူးဖြစ်နေတယ်၊ ဒါကြောင့်မို့လို့ ပါတီတွေအနေနဲ့ အပြုသဘောဆန်ဆန် ပြဿနာကို ပိုပြီးမကြီးမားလာအောင် ကာကွယ်တဲ့ အနေနဲ့ ထုတ်ပြန်တာပါ"

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၄ ရက်နေ့အထိကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားတိုးတက်ရေးပါတီက ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာစတဲ့ခရိုင်တွေကိုစုပေါင်းပြီး ရှမ်းနီပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီက ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအို၊ မချမ်းဘော၊ ဆော့လော် ၊ ခေါင်လန်ဖူးနဲ့ ချီဖွေမြို့နယ်တွေကို လီဆူအထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီလိုတောင်းဆိုတာကို ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ဖွံဖြိုးရေးပါတီ သုံးခု ပေါင်းစည်းဖွဲ့ထားတဲ့ ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်း ဆောင် ရွက်ရေးကော်မတီ (KPCC) က မနေ့က ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။