ကူကီးလူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ပြော
2018.08.10

၂၀၁၀ ခုနှစ်ကနေ အခုအစိုးရသစ်တက်လာတဲ့အချိန်အထိ တမူးခရိုင် ကဘော်ဒေသမှာရှိတဲ့ ကူကီး လူမျိုးတွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေရှိနေတယ်လို့ ကူကီး လူငယ်ကွန်ယက်အဖွဲ့ ဥက္ကဌ က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကူကီး လူငယ်ကွန်ယက်နဲ့ ကူကီး ကျောင်းသားလုူငယ်အဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်တဲ့ "သမိုင်းဖျောက်ဖိနှိပ်ခံ ကူကီးလူမျိုးများ" အစီရင်ခံစာမှာပါတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ကူကီး တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ဖိနှိပ်ခံနေရတာတွေ ရှိနေတာကို သက်ဆိုင်ရာအစိုးရနဲ့ တခြားတိုင်းရင်းသားလူမျိုးတွေ သိစေချင်တဲ့အတွက် အစီရင်ခံစာကို အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ကူကီး လူငယ်ကွန်ယက်ဥက္ကဌ ဆေးဂင် က ပြောပါတယ်။
"ကျနော်တို့ ကူကီးတွေက အိန္ဒိယနယ်စပ် တမူးမှာနေတယ်၊ အဲဒီမှာ ကူကီးလို နာမည်ပေးတဲ့ကျေး ရွာတွေကို ဗမာလိုနာမည် ပြောင်းပေးတဲ့အခါကြတော့ ကျနော်တို့ရဲ့ ဖြစ်တည်မှု Identity ပျောက် တယ်ပေါ့နော်၊ သမိုင်းဖျောက်ခံရတယ်လို့ ခံစားရတယ်။ ပြီးတော့ လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ယာတွေ အခုထိ ပြန်မရသေးဘူး၊ အဲလိုမျိုး သမိုင်းဖြစ်စဉ်ကအစ အခုလောလောဆယ် လယ်ယာမြေနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတာကို အဓိကဖော်ထုတ်တာဖြစ်တယ်"
ကူကီး လူမျိုးတွေ နေထိုင်တဲ့ ကဘော်ဒေသတွေမှာ ရဲဘက်အကျဉ်းစခန်းတွေထားရှိတာ၊ ကျေးရွာတွေ တည်ထောင် တာ၊ ကျေးရွာသစ်တွေအတွက် လယ်ယာမြေတွေ သိမ်းဆည်းတာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ လွန်အထိရှိနေ တာကို တွေ့ရှိရကြောင်းနဲ့ ကူကီးနာမည်နဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ ကူကီးလူငယ်တွေကို စစ်တပ်က ဖမ်းဆည်းရိုက်နှက်တာတွေ အမျိုးသမီး ငယ်တွေကို နယ်စပ်လုံခြုံရေးရဲက အဓမ္မပြုကျင့်မှုများရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ ကူကီး လူမျိုးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အကာအကွယ်ပေး ဖို့၊ ကူကီး အမျိုးသားရေးလက္ခဏာကို အသိအမှတ်ပြုပေးဖို့နဲ့ ဒေသတွင်းမှာ တည်ငြိမ်မှုပျက်ပြားစေတဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေကို ကြီးကြပ်ပေးဖို့ စတဲ့အချက်တွေကို အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တမှူးခရိုင် ကဘော်ဒေသအတွင်းက ကူးကီးကျေးရွာ ၂၃ ရွာမှာ တစ်နှစ်ကြာ ကွင်းဆင်းအချက်အလက် ကောက်ယူခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။
ကူကီး မျိုးနွယ်စု ၃၀ ရှိပြီး အဲဒီထဲက ကူကီး မျိုးနွယ်စု သုံးမျိုး ကိုတော့ မြန်မာနိုင်ငံက တရားဝင်အသိအမှတ်ပြု တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲက ချင်းတိုင်းရင်းသား အုပ်စုထဲမှာ ထည့်သွင်းထားတယ်လို့သိရပါတယ်။ မြန်မာနိုင် ငံမှာ ကူကီးလူမျိုး နှစ်သိန်းကျော်နေထိုင်တယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။