အစိုးရနဲ့ တရားဝင်ဆွေးနွေးပွဲတွေမှာ KNU ပြန်လည်ပါဝင်လာနိုင်ဖို့ ကူညီဆောင်ရွက်မည်


2018.12.12
kupc-meeting-622.jpg ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ (KUPC)ရဲ့ ၁၀ ကြိမ်မြောက် အစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တနင်္သာရီဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: saw chaint paung

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ တရားဝင် ငြိမ်းချမ်းရေးအစည်းအဝေးတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU ပြန်လည်ပါဝင်နိုင်ရေးအတွက် ကရင်အဖွဲ့အစည်းတွေအနေနဲ့ ကျရာအခန်းကဏ္ဍကနေ ပံ့ပိုးကူညီဆောင်ရွက်သွားဖို့ ကရင်အမျိုးသားစည်းရုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ ၁၀ ကြိမ်မြောက် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းဖွဲ့စည်း ထားတဲ့ ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ (KUPC)ရဲ့ ၁၀ ကြိမ်မြောက် အစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တနင်္သာရီဟိုတယ်မှာ ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကရင်တစ်မျိုးသားလုံးညီလာခံကို ၂၀၁၉ အတွင်းကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွေခေါ်ယူဖို့၊ ကရင်အမျိုးသားရေးဆိုင်ရာ လုပ်ငန်းငန်းတွေ အားကောင်းလာစေရေး KUPC အဖွဲ့နဲ့ ကရင်အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားဖို့နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ ကရင် လွှတ်တော် အမတ်တွေနဲ့ KUPC တွေ့ဆုံဆွေးနွေးသွားဖို့ကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။

ကရင်အမျိုးသားတွေရဲ့ စာပေယဉ်ကျေးမှု ထုံတမ်းဓလေ့တွေကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကရင်စာပေယဉ်ကျေးမှု ဗဟိုကော်မတီတရပ် ဖွဲ့စည်းနိုင်ရေးကိုလည်း ကြိုးစားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။