ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

RFA Burmese
2023.09.15
ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးကျေးရွာက လက်နက်ကြီးစ ထိမှန်ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စက်တင်ဘာ ၁၄ နဲ့ ၁၅ ရက် နှစ်ရက်အတွင်း အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးခွရွာက အသက် ၄၅ နှစ်အရွယ် ဦးဝင်းလှိုင်က ဒဏ်ရာပြင်းထန်ခဲ့ပြီး အသက် လေးဆယ်အရွယ် ဒေါ်သန်းသန်းအေး၊ ရွာလေးရွာက အသက် ၁၆ နှစ်အရွယ် မညှပ်စိမနဲ့ သုံးအိမ်စုကျေးရွာက အသက် ၃၄ နှစ် အရွယ် မဌေးဌေးမော်တို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သိမ်ဇရပ်ရဲစခန်း စက်တင်ဘာ ၁၄ ရက် မနေ့က တိုက်ခိုက်ခံရပြီးနောက် အနီးအနားက ရွာတွေကို အဲဒီရဲစခန်းကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတာလို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က သိမ်ဇရပ်ရဲစခန်းကို သွားပစ်ထားတယ်လေ။ မနေ့က ညနေ ၅နာရီလောက်မှာ ပစ်တာ။ အဲဒီကတည်းက အနီးကရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ”

လက်နက်ကြီးပစ်လို့ ထွက်ပြေးတိမ်းရှောင် ရတာရှိပေမယ့် ခိုလှုံစရာမရှိတာကြောင့် လက်နက်ကြီးအသံ တိတ်သွားတာနဲ့ ဒေသခံတွေ ရွာထဲပြန်ဝင်ကြတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကတော့ ဒီဖြစ်ရပ်တွေကို သူ့အနေနဲ့ မသိရှိသေးဘူးလို့ RFA ကိုပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ရှစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။