ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၆၀ ခန့် ထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.06.15
ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၆၀ ခန့် ထောင်ပြောင်းရွှေ့ခံရ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အား တွေ့ရစဉ်။
Citizen Photo

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၆၀ ခန့်ကို ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အခြားထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ကွန်ရက် (PPNM) က ဒီနေ့ထုတ်ပြန်ပါတယ်။

စုံစမ်းထားတဲ့ အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသူ အယောက်ခြောက်ဆယ်နဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာခန့်ကို နာမည်စာရင်းနဲ့ ခေါ်ယူပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။

ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်ပြီး ဒိုက်ဦးနဲ့ သာယာဝတီ အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကတော့ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို ဦးဆောင်တွန်းလှန်နေသူတွေအကုန် ပြောင်းတဲ့အထဲပါနေတယ်လို့ RFA ကို ပြောပါတယ်။

"ထောင်အာဏာပိုင်တွေက သူတို့ရဲ့ ဖိနှိပ်မှုကိုမခံဘဲ ပြန်တွန်းလှန်တဲ့ ခေါင်းဆောင်တွေကို ပြောင်းရွှေ့တဲ့အထဲ ထည့်ထားပါတယ်။ ပြီးတော့ ဒီပြောင်းရွှေ့မှုက မွန်ပြည်နယ်က အကျဉ်းထောင်တွေမှာ ငြိမ်ဝပ်ပိပြားအောင်လို့ ရည်ရွယ်ပုံရပါတယ်"

ထောင်ပြောင်းရွှေ့မှုကို မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်က ဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရဲ့ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဇွန်လ ၁၂ ရက်နေ့ကလည်း ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ကိုအောင်ချစ်ထွေးဟာ အမြင့်ပေနှစ်ဆယ်မှာ အလုပ်လုပ်နေချိန် ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့တာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။