ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

RFA Burmese
2023.06.17
ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွာလေးကွက်သစ်ရပ်ကွက်ကို ဇွန်လ ၁၆ ရက်ည ၇ နာရီခန့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ် သေဆုံးပြီး အသက်ငါးနှစ်အရွယ် မသဇင်အောင်၊ အသက် ၃၄ နှစ်အရွယ် ကိုဇင်ဘိုလတ်၊ အသက် ၃၅ နှစ်အရွယ် ကိုရှိန်းကျော်နဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာသန်းတို့ ဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာသူတွေကတော့ လက်ရှိ ကျိုက်ထိုပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အဲဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီတပ် ဘက်က ပစ်ခဲ့တာဖြစ်ပြီး သဲလွန်စတွေကိုပါ အချိန်မီဖျောက်သွားတယ်လို့ RFA ကို ပြောပါတယ်။

“ရန်သူက အချိန်မီကို သဲလွန်စတွေ၊ လက်စတွေဖျောက်သွားတယ်ဗျ။ ဥပမာ လက်နက်ကြီးကျတဲ့ဟာ ဒလက်တွေဘာတွေ မကွဲတဲ့ဟာတွေကအစ သူတို့ တစ်ခါတည်း လက်စဖျောက်တယ်”

ဒေသခံတွေကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ်က ပစ်ခတ်တာလို့ ပြောကြပေမယ့် ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းကတော့ ဒီကိစ္စဖြစ်ခဲ့တာမှန်ပေမယ့် မြို့နဲ့နီးတဲ့နေရာဖြစ်တာကြောင့် စစ်တပ်ကပစ်တာ မဟုတ်ဘူးလို့ RFA ကို ဖြေဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းနောက်ပိုင်းကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့အထိ ဒီမိုကရေစီ အရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၃၆၆၃ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။