အဆိုတော်ဟန်ထူးလွင်ကို အမွေပြတ် စွန့်လွှတ်ကြောင်း မိဘတွေကြေညာ
စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဆိုတော် ဟန်ထူးလွင် (ခ) ကျားပေါက်ကို ဖခင် အဆိုတော်ရင်ဂိုနဲ့ မိခင် ဒေါ်မွန်မွန်ကျော်တို့က သားအဖြစ်ကနေ အမွေပြတ် စွန့်လွှတ်လိုက်တယ်လို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့ စစ်ကောင်စီ လက်အောက်ခံ ကြေးမုံသတင်းစာမှာ ကြေညာလိုက်ပါတယ်။
ကြေညာစာထဲမှာ သားဖြစ်သူ ဟန်ထူးလွင်ဟာ မိဘတွေရဲ့ ဆုံးမှုကိုနားမထောင်ဘဲ ကိုယ့်သဘောဆန္ဒနဲ့ နေအိမ် ကနေ ထွက်ခွာသွားတာကြောင့် ဒီနေ့ကစပြီး သားအဖြစ်ကနေ အမွေပြတ် စွန့်လွှတ်လိုက်သလို နောက်နောင် ဟန်ထူးလွင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ပါရှိပါတယ်။
အဆိုတော် ဟန်ထူးလွင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက တပ်မတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။
ဟန်ထူးလွင်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လှူဒါန်းသွားဖို့ဆိုပြီး သူ့ရဲ့ Ukulele ဂစ်တာကို လေလံတင်ရောင်းချခဲ့ရာမှာ လက်ရှိ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကမ္ဘာ့အမြင့်ဆုံးလေလံအဖြစ် အောင်မြင် ထားပါတယ်။