ကျောက်ကြီးမှာ ဘုရားကျောင်းအပါအဝင် အိမ် ၄၀ ကျော် မီးရှို့ခံရ

RFA Burmese
2023.05.11
ကျောက်ကြီးမှာ ဘုရားကျောင်းအပါအဝင် အိမ် ၄၀ ကျော် မီးရှို့ခံရ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ရွာနှစ်ရွာကို မေလ ၉ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် လယ်ဝိုင်းကြီးရွာက ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ မူကြို စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၄၂ လုံး၊ ပိုးလိုးနိုဖိုးကျေးရွာက နေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ မေလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနှစ်ရွာဟာ စုစုပေါင်း အိမ်ခြေ ၁၂၁ လုံးရှိပြီး လူဦးရေ ၁၂၀၆ ဦးနေထိုင်တဲ့ ရွာတွေဖြစ် တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အဲဒီရွာတွေက ဒေသခံ တစ်ထောင်ကျော်ဟာ နေရပ်မပြန် နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မေလ ၄ ရက်နေ့ကလည်း အိမ်ခြေ ၁၄၇ လုံးရှိတဲ့ မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို လူဦးရေ ၁၀၂၀ ဦးဟာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU က ပြောပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို RFA က ဆက်သွယ်စုံစမ်းဖို့ ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

KNU နယ်မြေတွေမှာ ၂၀၂၃ ခုနှစ် ပထမ လေးလတာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၆၄၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၇၀၀ ကျော် သေဆုံးကာ KNU ပူးပေါင်းအဖွဲ့တွေဘက်က ၅၉ ဦး သေဆုံးခဲ့တယ်လို့ KNU စာရင်းတွေမှာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။