ကျောက်ထုမှာ လက်နက်ကြီးထိလို့ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
2023.04.14
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲက ကျောက်ထု လေယာဉ်ကွင်း အမြောက်တပ်ကနေ ကျောက်ထုမြို့အနီး တေးကျေးရွာကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
လက်နက်ကြီးထိလို့ သေဆုံးသွားသူက နသိုးကျေးရွာက ကားပြင်ဆရာ အသက် ၃၃ နှစ် အရွယ် ကိုကျော်လွင်ဦးဖြစ်ပြီး သူ့ အမျိုးသမီးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် မအေးစိုးက တော့ ညာဘက် လက်မောင်း မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
နောက်ထပ်ဒဏ်ရာရသူက တေးကျေးရွာက ဆိုင်ကယ်ပြင်ဆရာ အသက် ၂၃ နှစ်အရွယ် ကိုချမ်းငြိမ်းဝင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဧပြီလ ၁၂ ရက်နေ့က ကျောက်ထုလေယာဉ်ကွင်း အမြောက်တပ်ကနေ တစ်မိုင်ခွဲခန့်ဝေးတဲ့ တေးကျေးရွာကို လက်နက်ကြီးနဲ့ လေးချက်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ တေးကျေးရွာသား တစ်ဦးက ပြောပါတယ်။
"ပထမဆုံး တစ်ချက်ကတော့ ကျနော်တို့ရွာ ရွာအရှေ့ပိုင်းက ဆိုင်ကယ်ပြင်ဆိုင်နားကို ကျတယ်။ အဲဒီမှာ ဆိုင်ကယ်ပြင်ဆရာ လက်မောင်း ညာဘက်ကို ထိသွားတယ်။ နောက် တစ်ချက်က အဲဒီအနား ပတ်ဝန်းကျင်ကို ပြန်ကျတာမှာ ခရီးသွားလင်မယားနှစ်ယောက် လုံး ထိသွားတယ်။ ရှေ့က ဆိုင်ကယ်စီးတဲ့ အမျိုးသားက ပွဲချင်းပြီး သေသွားတယ်"
လက်ရှိအချိန်မှာ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေရှိတဲ့ မြို့ပေါ်က ဆေးရုံတွေကို သွားရောက်ပြသလို့ အဆင်မပြေတာကြောင့် နီးစပ်ရာ ဆေးခန်း တစ်ခုမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
အဲဒီရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ထု အမြောက်တပ်ကနေ အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် အိမ်ခြေ ၂၈၇ လုံးနဲ့ လူဦးရေ ၁၄၀၀ ခန့်ရှိတဲ့ တေးကျေးရွာ အပါအဝင် အဲဒီအနီးအနားက ရွာပေါင်းဆယ်ရွာခန့်က ဒေသခံတွေဟာ ရွာတွေထဲမှာ မနေရဲကြဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း ဆောမြို့နယ် ကျောက်ထုမြို့အနီးက မြို့ပေါက်ရွာကို ကျောက်ထု အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် ရွာခံ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။