ကျောက်မဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူတွေကို စောင့်ကြည့်နေ

ကံသာ
2020.04.05

ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ ကျောက်မဲဒေသခံ အမျိုးသားကို ကျောက်မဲဆေးရုံ ကနေ လားရှိုးပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ဆေးကုသမှု ပေးနေပြီး မိသားစု အပါအဝင် သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကို နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

ရောဂါပိုးကူးခံရသူနဲ့ ထိတွေ့ခဲ့တဲ့ ဖခင်အပါအဝင် မိသားစုတွေကိုလည်း နမ့်ဟူးရွာနေအိမ်မှာ သီးသန့်ထား စောင့်ကြည့်နေပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သားဖြစ်သူကို လေဆိပ်မှာသွားကြိုခဲ့တဲ့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။

ရောဂါပိုး တွေ့ရှိသူ နေထိုင်တဲ့နမ့်ဟူးရွာဟာ ကျောက်မဲကနေ နောင်ချိုမြို့ဘက်ကိုအထွက်မှာရှိပြီး ကျောက်မဲနဲ့ ငါးမိုင် လောက်သာ ဝေးပါတယ်။ ဒီအတွက် ကျောက်မဲမြို့ပေါ်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုမို ဆောင်ရွက်မှာဖြစ်ပြီး မြို့ကိုတော့ အဝင်အထွက် ကန့်သတ်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

သီပေါမြို့ထဲကိုဝင်တဲ့ လမ်းတွေထဲက ပင်လုံလမ်းကလွဲရင် ကျန်တဲ့လမ်းတွေကိုတော့ ပိတ်ထားပါတယ်။ ပင်လုံလမ်းအဝင် ဆေးရုံအရှေ့မှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ ဌာနဆိုင်ရာတွေက ဝင်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးနေပါတယ်။

ကျောက်မဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး သံသယလူနာတွေကိုထားဖို့ တီဗီရောဂါကုသဆောင် အဟောင်းကို ပြင်ဆင်နေပါတယ်။

ရောဂါပိုးရှိသူတွေ့လာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသရေး စက်ကိရိယာတွေရှိတဲ့ လားရှိုးဆေးရုံကို ပို့ဆောင်ကုသပေးမှာဖြစ်တယ်လို့ ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မိုးထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရှိသူတွေကို ကုသဖို့အတွက် လားရှိုးနဲ့ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်ဆေးရုံတွေမှာ အစိုးရက စီစဉ်ထားတာပါ။

နောင်ချိုနဲ့ မိုးမိတ်မြို့တွေမှာ ရောဂါပိုး ကူးစက်ခံရသူတွေ့ရင်တော့ မန္တလေးကို ပို့ဆောင်ကုသမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အသီးသီးမှာ ပရဟိတအဖွဲ့တွေ၊ ကျန်းမာရေးဌာနတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တပ်မတော်သားတွေပူးပေါင်းပြီး ဈေး၊ ကားလမ်းမကြီးတွေ၊ အများသူငါ သွားလာတတ်တဲ့နေရာတွေမှာ ပိုးသတ်ဆေးတွေဖျန်းနေပါတယ်။

ငါးရက်ဈေးနဲ့ ညဈေးတွေ ရောင်းချခွင့်ကို ဒေသန္တရအမိန်နဲ့ ပိတ်ထားပါတယ်။ ဆိုင်တွေမှာ အစားအသောက်တွေ ရောင်းချတာကို ထုတ်ပိုးသယ်ယူစနစ်နဲ့သာ ရောင်းချခွင့်ပြုထားပါတယ်။

ခရီးသည်ကားတွေမှာ လူလျှော့တင်ပြီး လက်မှတ်ဖိုး ပိုကောက်ယူတဲ့ စနစ်နဲ့ ပြေးဆွဲနေပါတယ်။ နေရပ်ပြန်လာသူ တွေကတော့ နေအိမ်နဲ့ အစိုးရက စီမံပေးတဲ့နေရာတွေမှာ ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ခံရမှာပါ။

ဧပြီလ လေးရက်နေ့ နေ့လယ်ပိုင်းအထိ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ စောင်ကြည့်လူနာ ကိုးဦးရှိပြီး အဲဒီထဲက ခြောက်ဦး မှာ ရောဂါပိုးမတွေ့ရဘဲ ကျန်သုံးဦးရဲ့ ဓာတ်ခွဲ အဖြေတွေက စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း (လားရှိုးမြို့) ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးက ထုတ်ပြန်ထားပါတယ်။

လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ လက်ရှိအခြေအနေအရ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။