ကျောက်မဲ အရပ်သား သေဆုံးမှု၊ ရိုက်နှက်မှု တာဝန်ရှိကြောင်း တပ်မတော်ဝန်ခံ

ကံသာ
2020.08.26

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှာ  ဇွန်လ ၂၉ ရက်နေ့က အရပ်သားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာ မှန်ကန်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောကြားလိုက်ပါတယ်။

တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရပြီး လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ နောက်ထပ် အမျိုးသားတစ်ဦး ရိုက်နှက်ခံခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဖော်ထုတ် အရေးယူပေးဖို့ ဇူလိုင်လ ၁ဝ ရက်နေ့က ဒေသခံ တစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့အပြီးမှာ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးခဲ့တာပါ။

ဇူလိုင်လ ၁၃ ရက်နေ့မှာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဗျူဟာမှူး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

စုံစမ်းမှုအရ အရပ်သား သေဆုံးရတာဟာ တပ်မတော်ဘက်က တပ်သားတစ်ဦးက တိုက်ပွဲအတွင်း မှားယွင်းပစ်ခတ်မိတာဖြစ်ပြီး အဲဒီ ပစ်ခတ်ခဲ့တဲ့ တပ်သားဟာလည်း တိုက်ပွဲမှာ ကျဆုံးသွားတဲ့အတွက် တာဝန်ရှိသူ တပ်စုမှူးကို စစ်စည်းကမ်းဥပဒေနဲ့ အရေးယူမှာဖြစ်တဲ့အကြောင်း၊ အရပ်သားကို ရိုက်နှက်ခဲ့တဲ့ တပ်သားတွေကိုလည်း အရေးယူမှာဖြစ်တဲ့အကြောင်း၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"နှစ်ဘက်တိုက်ပွဲကြားမှာ မှားယွင်းပစ်ခတ်ပြီး သေဆုံးခဲ့တယ်လို့ အကြမ်းဖျင်း ဖော်ထုတ်ရရှိတယ်။ အဲဒီမှာ တစ်ယောက်ကိုတော့ ရိုက်နှက်ခဲ့တာရှိတယ်လို့ ဖော်ထုတ်ရရှိတယ်။ ရိုက်နှက်ခဲ့တဲ့သူတွေကိုတော့ စစ်စည်းကမ်းအရ အရေးယူဖို့ စုံစမ်းစစ်ဆေးရေး ခုံရုံးက ဆက်လက်ဆောင်ရွက်နေတယ်။ မှားယွင်းပစ်ခတ်ခဲ့တဲ့ စစ်သည်ကိုလည်း ဖော်ထုတ်ရရှိတယ်၊ သူက အဲဒီမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာပဲ ကျဆုံးသွားတဲ့အတွက် အရေးယူလို့ မရတော့ဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ကြီးကြပ်ဖို့ တာဝန်ရှိသူတွေကိုတော့ စစ်စည်းကမ်းအရ အရေးယူဖို့ ဆောင်ရွက်ထားတယ်။ အရေးယူမယ်ဆိုတာ အဓိကကတော့ အနီးကပ်ကြီးကြပ်နေရတဲ့ တပ်စုမှူးကို စစ်စည်းကမ်းအရ ဆက်ဆောင်ရွက်ဖို့ပေါ့"

တပ်မတော်ဘက်က အခုလို ပြစ်မှုကျူးလွန်ကြောင်း ပြောကြားလိုက်တာနဲ့ပတ်သက်လို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဝင်းက အခုထက်ပိုပြီး အများပြည်သူကို ပွင့်လင်းမြင်သာအောင် ချပြဖို့လိုတယ်လို့ ပြောပါတယ်။

"သူတို့ ကျူးလွန်တဲ့ကိစ္စကို ဖုံးဖိထားခြင်းမရှိဘဲနဲ့ စစ်ဆေးပြီး မှားတဲ့လူကို အရေးယူပေ့ါနော်၊ ပြီးရင် ပြည်သူတွေကို ချပြပေ့ါ၊ အဲဒါဆိုရင် ပိုပြီးတော့ ထင်သာမြင်သာ ရှိသွားမှာပေါ့နော်။ တဘက်တည်း ဖြစ်နေတဲ့ဟာက သုံးသပ်ချက် ပြောရမယ်ဆိုရင် ပစ်သွားတဲ့တပ်သားက အဲဒီမှာ ပြန်ကျတယ်ဆိုတော့ အောက်ခြေမှာနဲ့ လုံးဝကွဲလွဲမှု ရှိနေတယ်။  တဘက်တည်းတိုက်တယ်ဆိုပြီး လူတွေက အဲဒီလို ပြောနေတယ်။ တိုက်ပွဲအကြီးအကျယ်လည်း မဖြစ်ဘူးလေ။ ဒီတော့ ဘယ်လိုမှ ပွင့်လင်းမြင်သာမှု ရှိတဲ့ အခြေအနေမဟုတ်သေးဘူးလို့ သုံးသပ်မိတယ်"

ပစ်ခတ်ခဲ့တဲ့ တပ်သားဟာ နှစ်ဦးဖြစ်တယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောဆိုနေကြပေမယ့် တပ်မတော်ဘက်က ပစ်ခတ်တဲ့ တပ်သား တစ်ဦးသားဖြစ်ပြီး သူဟာတိုက်ပွဲမှာ ကျဆုံးသွားတဲ့အတွက် တပ်စုမှူးကို အရေးယူမယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဝန်ခံလိုက်ပေမယ့် အခုချိန်အထိ တပ်မတော်ဘက်က ထိခိုက်နစ်နာခဲ့တဲ့ မိသားစုတွေအပေါ် အကြောင်းကြားအသိပေးတာ၊ အကူအညီပေးတာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဟဲကွီးကျေးရွာက ဆရာတော် ဦးစန္ဒိမာကတော့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ပြင်ဆင်နေတာကို ကြိုဆိုကြောင်း၊ ထိခိုက်နစ်နာခဲ့တဲ့ မိသားစုကို ကူညီထောက်ပံ့မှုတွေ ပေးဖို့လည်း လိုကြောင်းလည်း မိန့်ပါတယ်။

"အဲဒီလို အပြစ်ပေးအရေးယူမယ် ဆိုရင်တော့ ပိုကောင်းတာပေ့ါ၊ နောက်ဒီလို မဖြစ်အောင်။ ဒီလိုအဖြစ်မျိုးကလည်း မကြာခဏ ဖြစ်နေတာ၊ ဦးဇင်းတို့နေရာမှာ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း ဝိုးလုံရွာမှာ ရွာတောင်ပျက်သွားတယ်။ အခုလည်း ပန်ကျန်ရွာမှာ ထပ်ဖြစ်တယ်ဆိုတော့ ရွာသားတွေက ဘယ်သူ့ကို သွားအားကိုးရမှန်းမသိဘူး ဖြစ်နေတယ်။ ဖြစ်ပြီးတိုင်းလည်း ဘယ်သူမှ လာပြီး တာဝန်ယူဖြေရှင်းပေးတဲ့လူ မရှိဘူး။ အခု တကယ်လို့ တာဝန်ယူပြီး ‌ဖြေရှင်းပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ နစ်နာတဲ့ မိသားစုလည်း ထိုက်သင့်သလောက်‌‌ နစ်နာကြေးပေးသင့်တာပေ့ါ၊ လူတစ်ယောက်တောင် သေသွားတယ် ဆိုတော့"

ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့က ကျောက်မဲမြို့ ခ.မ.ရ  ၅၀၂ တပ်အတွင်းမှာ သေဆုံးဒဏ်ရာရသူတွေကို အကူအညီပေးခဲ့တဲ့ နောင်ပိန်တိုက်နယ်က အရပ်ဘက်အဖွဲ့တွေ တိုက်နယ်ဆရာဝန်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တပ်မတော်က မေးမြန်းခဲ့ပြီး နောက်ရက်မှာ လွှတ်တော်ကိုယ်စားလှယ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူမေးမြန်ခဲ့ပါတယ်။

နောက်ရက်တွေမှာ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခင်းဖြစ်တဲ့ ဟဲကွီး ပန်ကျန်ကျေးရွာဘက်ကို သွားရောက်စစ်ဆေးတာမှာ ရှမ်းပြည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာခဲ့ပြီး ပိတ်မိခဲ့လို့ ခရီးစဉ်မှာပါဝင်တဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို ပရဟိတ အဖွဲ့အကူအညီနဲ့ သွားရောက်ခေါ်ထုတ်ခဲ့ရတာပါ။

ဒီလို ကျေးရွာတွေကို သွားရောက်စုံစမ်းရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖတွေ မပါခဲ့သလို ရွာသားတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဒီသေဆုံးမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျောက်မဲမြို့က SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ လူ့အခွင့်အရေးကော်မရှင် ကတော့ စုံစမ်းမှုနဲ့ ပတ်သက်ပြီး ပြန်လည်ဆက်သွယ်မယ်ဆိုပြီး RFA ကို ပြောပေမယ့် ဆက်သွယ်လာတာ မရှိသေးပါဘူး။

လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည် ပေးပို့တဲ့စာမှာတော့ သက်ဆိုင်ရာဌာနတွေကို အချက်အလက်တွေ မေးမြန်းစုံစမ်းနေတယ်လို့ ပြောပါတယ်။

ကျောက်မဲဒေသခံ ဇီဝိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းကတော့ ကျောက်မဲမှာဖြစ်တဲ့ အရပ်သားသေဆုံးတဲ့ ဖြစ်စဉ်လိုမျိုး ရှမ်းပြည် (မြောက်ပိုင်း) ဒေသမှာ မကြာခဏဆိုသလိုဖြစ်နေပြီး တပ်ဘက်က ထုတ်ဖော်ပြောဆိုမှုအတွက် ကြိုဆိုရမှာဖြစ်လို့ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်မှုလျော့ကျအောင် နှစ်ဘက်တပ်ဖွဲ့တွေအနေနဲ့ ပိုမိုအလေးထား ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

"တို့ မွေးကတည်းက ခုချိန်အထိ စစ်ဆိုတာကြီး ဖြစ်နေတာ မဖြစ်စေချင်တော့ဘူးလေ။ စစ်ဖြစ်နေဦးမယ်၊ ရှိနေဦးမယ် ဆိုရင် ပွင့်လင်းမြင်သာတာတို့... ဥပဒေအရ အရေးယူတာတို့၊ ဘယ်ဘက်ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းနဲ့ပဲ ဖြစ်ဖြစ် အဲဒီလို အရေးယူတာထက် စာရင် စစ်မဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ အခုလို ပွင့်လင်းမြင်သာတဲ့ အခါမှာလည်း တစ်ဘက်ကတော့ ပွင့်လင်းမြင်သာလာပြီ၊ တစ်ဘက်ကတော့ ဘယ်လောက်အတိုင်းအတာအထိ ခေတ်နဲ့လိုက်လျော ညီထွေတယ်ဆိုတာ၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးသလဲ ဆိုတာ စဉ်းစားစရာတွေတော့ ဖြစ်လာတာပေ့ါလေ"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ကျောက်မဲမြို့နယ်အတွင်း RCSS တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပရာမှာ တပ်မတော်နဲ့ RCSS တို့ ဇွန်လ ၂၇၊ ၂၈ မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဇွန်လ ၂၉ ရက်နေ့မှာတော့ ပန်ကျန်ရွာအတွင်းကို ဝင်ရောက်လာတဲ့ တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့ဆိုပြီး အသက်ခြောက်ဆယ်အရွယ် ဦးလုံးဆု သေဆုံးခဲ့ပြီး အသက်ငါးဆယ်အရွယ် ပါမွမ်ဆိုင်းက ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာဆယ်ရွာကျော်က ရွာသား ခုနှစ်ရာနီးပါး အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရပါတယ်။

ဒီကာလမှာပဲ အက်ကီးရွာက အမျိုးသားတစ်ဦး လမ်းပြအနေနဲ့ ခေါ်ဆောင်ခံရပြီး တပ်မတော်ဘက်က ရိုက်နှက်ခံရလို့ ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တရားမျှတမှုရဖို့ ဒေသခံ သောင်းနဲ့ချီ ကျောက်မဲမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ချီတက် ဆန္ဒပြခဲ့အပြီး တပ်မတော်က စုံစမ်းအရေးယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ကျောက်မဲအရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ဝန်ခံလိုက်ပေမယ့် အမှုနဲ့ပတ်သက်ပြီး အခုအချိန်အထိ သတင်းကြေညာချက် ထုတ်ပြန်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။