ကျောက်မဲမှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

RFA Burmese
2024.06.26
ကျောက်မဲမှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ တိုက်ပွဲပြင်းထန်နေသော ကျောက်မဲမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဥ်။
Tin Maung Thein

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့ပေါ်မှာ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် နောက်ထပ် အရပ်သား ခုနစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကင်းရပ်ကွက် မိန်းလမ်းပေါ်က စစ်ကောင်စီ အထူးစုံစမ်းစစ်ဆေးရေးဌာနအနီးက နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိသားစုဝင် ငါးယောက်ထဲမှာ လေးယောက်သေသွားပြီ။ သမီးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်၊ လင်မယားနှစ်ယောက်လုံး သေသွားပြီ”

ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာလည်း ရန်ကင်းရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအပြင် သစ်တောလမ်းနဲ့ အုတ်ကျင်းရပ်ကွက်မှာလည်း ဒဏ်ရာရသူသုံးဦးရှိနေပြီး တိုက်ပွဲဖြစ်ပွားနေလို့ ဒဏ်ရာရသူတွေကို အကူအညီ မပေးနိုင်သေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာပဲ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ကျောက်မဲမြို့ဝင် အမြောက်တပ်၊ ဆေးရုံတွေကို ထိန်းချုပ်ထားပြီး နေ့လယ်ပိုင်းမှာ ကျောက်မဲမြို့ ရဲစခန်းနဲ့ ရန်ကင်းရပ်ကွက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်တုန်းကလည်း ကျောက်မဲမြို့နယ်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အလားတူ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။