ကျောက်မဲမှာ တိုက်ပွဲတွေရပ်သွားပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်
2020.10.19
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားလို့ စစ်ဘေးဒုက္ခသည်ရွာသားတွေဟာ သူတို့နေရပ်ကို အသီးသီး ပြန်ကုန်ကြပါပြီ။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ သီးနှံရိတ်သိမ်းချိန်ဖြစ်နေသလို ရွေးကောက်ပွဲအတွက် ပါတီတွေ မဲဆွယ်ကာလဖြစ်နေတာကြောင့် တိုက်ပွဲမဖြစ်အောင် ရှောင်ပေးမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောဆိုပြီးနောက်ပိုင်း ဒုက္ခသည်စခန်း ၈ ခုမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်သွားကြပါပြီ။
အောက်တိုဘာ ၂ ရက်နေ့ကနေ ၈ နေ့အထိ တပ်မတော်နဲ့ RCSS တို့ရဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၃ ရွာမှာ ဒုက္ခသည်စခန်း ၁၃ ခု ဖွင့်ထားရာ လူဦးရေ စုစုပေါင်း ၃၅၀၀ ကျော် နေထိုင်ခဲ့ရပါတယ်။
တောင်ထိပ်၊ ဟိုနမ့်၊ နောင်သျှင်၊ ကောင်းမူခမ်၊ အွမ်ဟစ် စတဲ့ ရွာငါးရွာမှာ ဒုက္ခသည် တစ်ထောင်ဝန်း ကျင်လောက်ပဲ ကျန်တော့တယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ နောင်ပိန်တိုက်နယ် ကမ်းလင့်လက် ပရဟိတအဖွဲ့က ကိုနေအောင်က ပြောပါတယ်။
လက်ရှိကာလဟာ စစ်ရှောင်တွေအတွက် စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်ကာလဖြစ်တာကြောင့် RCSS တပ်ဖွဲ့တွေ နောက်ဆုတ်ပေးထားတယ်လို့ RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေး က RFA ကို ပြောပါတယ်။
နေရပ်ပြန်ရာမှာ ကျေးရွာလေးခုက နေအိမ်အချို့ ပစ္စည်းတွေ ရှာဖွေခံထားရတဲ့ အခြေအနေ တွေ့ရတယ်လို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်း ကပြောပါတယ်။
ဒီကနေ့ တပ်မတော်သတင်းမှန်ကြာရေးအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။ တပ်မတော်ဘက်က တိုက်ပွဲတွေရပ်ဖို့ဆိုရင် တပ်မတော်စစ်ကြောင်းတွေ၊ ယာဉ်တန်းတွေကို RCSS ဘက်က တိုက်ခိုက်တာတွေမလုပ်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို အောက်တိုဘာလဆန်းပိုင်းက ပြောဆိုထားပါတယ်။
နေရပ်စွန့်ခွာခဲ့ရတဲ့ကာလမှာ မီဒီယာတွေနဲ့ ပရဟတိအဖွဲ့တွေရဲ့ သတင်းဖော်ပြမှုကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေအများအပြားရခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီး သုံးပစ္စည်းတွေ ပိုမိုလှူဒါန်းခဲ့ကြတယ်လို့ ဆေးကုသပေးရာမှာပါတဲ့ မသီတာဝင်းက ပြောပါတယ်။
တပ်မတော်နဲ့ RCSS တို့ရဲ့တိုက်ပွဲတွေကြောင့် ခန့်ခဲကျေးရွာက ကျေးရွာသားတစ်ဦး နေအိမ်ပေါ် လက်နက်ကြီးကျလို့ ဒဏ်ရာရခဲ့သလို ကျွဲကုန်းရွာမှာလည်း လက်နက်ကြီးပစ်ခတ်ခံရလို့ နေအိမ် နှစ်လုံး ပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။