ကျောက်မဲရောက် တပ်ရဲ့စုံစမ်းရေးအဖွဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ဒေသခံတို့ တောင်းဆို

ကံသာ
2020.07.16

တပ်မတော်ကပစ်ခတ်လို့ ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှာ အရပ်သား သေဆုံးဒဏ်ရာရတယ်ဆိုတဲ့ကိစ္စ အတွက် တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ကတော့ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စစ်ခုံရုံး လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးနေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

အရပ်သားသေဆုံးမှုကို ဇူလိုင် ၁၃ ရက်ကစပြီး လားရှိုးအခြေစိုက် အမှတ်(၂) စစ်ဗျူဟာမှူးနဲ့ အဖွဲ့က တိုက်နယ် ဆရာဝန်၊ နောင်ပိန် နယ်မြေရဲ စခန်းမှူး၊ နယ်မြေမှူးနဲ့ ပရဟိတ လုပ်ဆောင်သူတွေကို ကျောက်မဲ ခမရ ၅၀၂ တပ်ထဲမှာ ခေါ်ယူစစ်ဆေးခဲ့တာပါ။

ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျောက်မဲမြို့ SNLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း ကို မြို့နယ်အုပ်ချုပ်ရေးရုံးမှာခေါ်ယူပြီး မေးမြန်းခဲ့တယ်လို့ စိုင်းထွန်းဝင်းက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာ ကျေးရွာတွေကို ကွင်းဆင်းရင် လွှတ်တော်ကိုယ်စားလှယ်နဲ့အတူ ရပ်မိရပ်ဖတွေ သတင်းသမားတွေလည်း ပါဝင်နားထောင်ခွင့်ရဖို့ တောင်းဆိုပေမယ့်  တပ်မတော်က ခွင့်မပြုခဲ့ပါဘူး။

ပွင့်လင်းမြင်သာမှုမရှိတဲ့ အခြေအနေကြောင့် ထွက်လာတဲ့ရလဒ် မျှတမှုမရှိမှာ စိုးရိမ်တယ်လို့ စိုင်းထွန်းဝင်းက ဆိုပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာမှူးအဆင့်ရှိတဲ့ အရာရှိ အပါအဝင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒု-ဦးစီးမှူးနဲ့အဖွဲ့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ပန်ကျန်ကျေးရွာဘက်ကို သွားရောက်စစ်ဆေးချိန်မှာ နမ့်ဖော်ဖိတ်ရွာအနီးမှာ RCSS လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့လို့ တပ်တော်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြား ရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကိုပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သားမှုမရှိဘူး ဆိုတဲ့ ဝေဖန်မှုအပေါ်မှာတော့ တပ်မတော်က စစ်ခုံရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်လောက်ထဲက ပန်ကျန်၊ ဟဲကွီး၊ နမ့်မော်ဖီလွန် စတဲ့ ကျေးရွာတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာမှာ RCSS တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုတချို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပေမယ့် နှစ်ဖက်တပ်ဖွဲ့တွေကတော့ သတင်း မထုတ်ပြန်ပါဘူး။

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ပန်ကျန်ကျေးရွာမှာရှိတဲ့ ဖြစ်စဉ်ဖြစ်တဲ့နေရာတွေနဲ့ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းစစ်ဆေးဖို့ စီစဉ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ထဲက ကျေးရွာအနီးပစ်ခတ်မှုတွေအပြီး ရွာသားတွေလည်း တိမ်းရှောင်နေကြရလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။

တပ်မတော်အနေနဲ့ ကျေးရွာတွေအနီး လက်နက်ကြီးပစ်ခတ်နေသလို လူထုကိုထိတ်လန့်အောင်လုပ်ပြီး စစ်ဆေး မေးမြန်းမယ်ဆိုရင် အမှန်တရားအတွက် အဖြေရမှာမဟုတ်ဘူးလို့ RCSS  ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ကျောက်မဲမြို့နယ်အတွင်း RCSS တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကျင်းပရာမှာ တပ်မတော်နဲ့  ဇွန်လ ၂၇၊ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက် နေ့မှာတော့ ပန်ကျန်ရွာအတွင်းကို ဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက ပစ်ခတ်လို့ဆိုပြီး အသက် ခြောက်ဆယ်အရွယ် လုံးဆု သေဆုံးခဲ့ပြီး အသက်ငါးဆယ်အရွယ် ပါမွမ်ဆိုင်းက ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာ ဆယ်ရွာကျော်က ရွာသားခုနှစ်ရာနီးပါ နောင်ပိန်နဲ့နီးစပ်ရာရွာတွေကို နေရပ်စွန့်ခွာ ခဲ့ရပါတယ်။

ဒါ့အပြင် တပ်မတော်စစ်ကြောင်းက လမ်းပြအနေနဲ့ ခေါ်ဆောင်သွားခံရတဲ့ အရပ်သားတစ်ဦး ရိုက်နှက်ခံရလို့ ကျောက်မဲဆေးရုံမှာ ဆေးကုမှုခံယူခဲ့ရပါတယ်။ သေဆုံးဒဏ်ရာရသူအတွက် တရားမျှတမှုရဖို့ဆိုပြီး ကျောက်မဲမြို့ နယ်အတွင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

တပ်မတော်ဘက်က ဒီကိစ္စအတွက် အရာရှိတွေကို စေလွှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။