ရခိုင်ပြည်နယ်ကနေ ယူနန်ပြည်နယ်ကို ရေနံစိမ်း ပို့လွှတ်တော့မည်
2017.04.12

မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်း ဟာ ရေနံစိမ်းတွေကို ရက်ပိုင်းအတွင်း စတင်ပို့လွှတ်ပါတော့မယ်။
အဲဒီလိုပို့ဆောင်ဖို့ သဘောတူညီချက်ကို မြန်မာနဲ့ တရုတ်ခေါင်းဆောင်တွေ တနင်္လာနေ့က လက်မှတ်ထိုးလိုက် ပါပြီ။ ဒါဟာ မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ တရုတ်ပြည် ခရီးစဉ်ကရရှိတဲ့ အထင်ရှားဆုံး အောင်မြင်မှုတခုပဲလို့ မနေ့ကထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာက ရေးပါတယ်။
အဲဒီရေနံပိုက်လိုင်းက ပထမဆုံးတင်ပို့မယ့် ရေနံစိမ်းတန်ချိန် ၁ သိန်း ၄ သောင်းကို တူရကီနိုင်ငံက သယ်ဆောင် လာတဲ့ သင်္ဘောဟာ ကျောက်ဖြူဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ ရေနံတွေကို သင်္ဘောကနေ သိုလှောင်ကန်တွေကို ပို့ဆောင်နေပြီလို့ တရုတ်နိုင်ငံပိုင် Xinhua ဆင်ဝှာသတင်းက ရေးပါတယ်။
တရုတ် မြန်မာ ရေနံပိုက်လိုင်းကို ၂ဝ၁ဝမှာ စတင်တည်ဆောက်ပြီး ၂ဝ၁၅ မှာ အပြီးသတ်ခဲ့ပေမယ့် ပြဿနာ တချို့ကြောင့် အခုမှသုံးစွဲနိုင်တာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ဒီပိုက်လိုင်းကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် က ရေနံတွေကို မလက်ကာ ရေလက်ကြားဖြတ်ပြီး သယ်ယူဖို့ မလိုတော့တဲ့အတွက် အချိန်ရော ကုန်ကျငွေပါ သက်သာသွားပါပြီ။
ဒါဟာ တရုတ်သမ္မတ ရှီဂျင်းပင်ရဲ့ One Belt, One Road ခေါ် အာရှ၊ ဥရောပနဲ့ အာဖရိက နိုင်ငံတွေကို ဆက်သွယ် မယ့် ကုန်းရေနှစ်ထွေ ကုန်သွယ်လမ်းကြောင်း ဖွံ့ဖြိုးရေး မဟာဗျူဟာ အိပ်မက်ကြီးရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဒီပိုက် လိုင်းကို စတင်သုံးစွဲနိုင်ပြီဆိုတဲ့အချက်ဟာ တရုတ်သမ္မတ ကမကထပြုလုပ်ခဲ့တဲ့ အကျိုးတူပူးပေါင်းရေး One Belt, One Road မဟာဗျူဟာမှာ ပါဝင်ဖို့ လက်တွန့်နေတဲ့ တခြားနိုင်ငံတွေကိုလည်း နှိုးဆော်တိုက်တွန်းလိုက်ရာကျတယ် လို့ တရုတ်ပါမောက္ခ တစ်ယောက်က ပြောဆိုကြောင်း ဟောင်ကောင်ထုတ် South China Morning Post သတင်း စာက ရေးပါတယ်။
Global Times သတင်းစာမှာတော့ စစ်အစိုးရလက်ထက်မှာ တရုတ်ပြည်နဲ့ အကြွင်းမဲ့ ပေါင်းသင်းဆက်ဆံခဲ့ တဲ့ မြန်မာနိုင်ငံဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေဘက်ကို ယိမ်းသွားလိမ့်မယ်လို့ ပညာရှင် တချို့က ဝေဖန်ခဲ့ပေမယ့် အဲဒီအကဲခတ်ချက် မှားသွားခဲ့ပါတယ်။ နိုင်ငံ့စီးပွား ဦးထိပ်ထားတဲ့ မြန်မာ အစိုးရဟာ သူတို့တိုင်းပြည် သာယာဝပြောရေးအတွက် တရုတ်ပြည်ကို မရှိမဖြစ်တဲ့ အပေါင်းအသင်းအဖြစ် လက်ခံရှုမြင်နေပါပြီလို့ ရေးသားပါတယ်။
ဒါ့အပြင် အခုလို ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းအားဖြင့် တရုတ် မြန်မာ၂ နိုင်ငံအကြား ယာယီပေါ်ပေါက်နေတဲ့ ခလုတ်ဆူးငြောင့်တချို့လည်း အချိန်နဲ့အမျှ တစစကွယ်ပျောက်သွားကြမှာဖြစ်ပါတယ်လို့ Global Times ဆောင်းပါး မှာ ဖေါ်ပြထားပါတယ်။
ကီလိုမီတာ ၇၇ဝ ရှိတဲ့ မြန်မာ တရုတ်ရေနံပိုက်လိုင်းကနေ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်းကို ပို့ဆောင်နိုင် မှာ ဖြစ်ပြီး မြန်မာက ရေနံတန်ချိန် ၂ သန်းရမယ်လို့ ဆင်ဝှာကရေးပါတယ်။
South China Morning Post သတင်းစာ ဆောင်းပါးမှာတော့ ဒီပိုက်လိုင်းကနေ မြန်မာနိုင်ငံအနေနဲ့ ရေနံ မဆို သလောက်ပဲရမှာဖြစ်သလို သိုလှောင်ခနဲ့ အခွန်အကောက်ဆိုတာကလည်း ပြောပလောက်မှာ မဟုတ်တဲ့အ တွက် မြန်မာပြည်ရရှိမယ့် အကျိုးအမြတ်ဟာ တကယ်တော့နည်းပါတယ်လို့ ဝေဖန်ထားပါတယ်။ တဆက်တည်းမှာ ပဲ ကျောက်ဖြူဆိပ်ကမ်းမှာ သင်္ဘောက အခုသယ်ချနေတဲ့ ရေနံစိမ်းတွေကို ပိုက်လိုင်းအဆုံး ယူနန်ပြည်နယ်ရှိ ခွန်းမင် သို့မဟုတ် ကူမင်းမြို့မှာ Petro China ကုမ္ပဏီက တည်ဆောက်ထားတဲ့ ရေနံချက်စက်ရုံကတော့ ချက်လုပ် ဖို့ အသင့်စောင့်စားနေပါပြီ။ ဒါ့အပြင် တရုတ်ပြည်ဟာ မြန်မာပြည်ကသွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းက လည်း တနှစ်ကို သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ခံစားရရှိနေပြီလို့ South China Morning Post က ရေးသားထားပါတယ်။