ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ် ညမထွက်ရအမိန့် ရက်ထပ်တိုး
2014.08.11

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ သက်တမ်း တိုးမြှင့် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက အခုလိုပြောပါတယ်။
"မြို့ကော်မတီကနေ ည ၁၂ နာရီကနေ မနက် ၄ နာရီခွဲအချိန်ဟာ လုပ်ငန်းစီးပွားရေးတွေလုပ်တဲ့အချိန် မဟုတ်တော့ဘူး၊ ဒီဟာတွေကို ဖြုတ်လိုက်ခြင်းအားဖြင့် ညအချိန်တွေမှာ မလိုလားအပ်တဲ့ဟာတွေ လုပ်ချင် လည်းလုပ်လာနိုင်တယ်၊ နောက်ပြီးတော့ ဆေးရုံကို ကျန်းမာရေးနဲ့ သွားတဲ့လာတဲ့ဟာတွေ လုံးဝအရေးယူ တားမြစ်တာမရှိဘူး၊ ဒါကြောင့် ည ၁၂ နာရီကနေ ၄ နာရီအထိ ဆက်ထားတာပါ"
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြို့နယ်အတော်များများမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပေမယ့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကို RFA ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။