ကျောက်ဖြူ မီးလောင်မှု ကျပ်သိန်း ၁၄၀ ခန့် ဆုံးရှုံး


2017.11.05
kyaukphyu-fire-622.jpg ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်က နေအိမ်တွေ မီးလောင်နေတာကို တွေ့ရစဉ်
Photo: Tun Kyi Kyi's facebook

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၆ လုံးနဲ့ ငါး၊ ပုစွန်ဒိုင် ၁၀ ဒိုင် မီးထဲပါသွားခဲ့ပါတယ်။

ငါး၊ ပုစွန်ဒိုင် တစ်ခုမှာ အလုပ်သမားတွေ ထမင်း၊ ဟင်းချက်စားရာကနေ မီးစလောင်တာဖြစ်ပြီး သိန်း ၁၄၀ ကျော် ဖိုး ပျက်စီးဆုံးရှုံးသွားတယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင် က ပြောပါတယ်။

"ငါး၊ ပုစွန်ဒိုင်က စလောင်တာ။ အဲဒိုင်နဲ့ ဆက်စပ်နေတဲ့အိမ် ၁၆ လုံးပါသွားတယ်။ ငါး၊ ပုစွန်ဒိုင် ၁၁ ဒိုင်ပါသွားတယ်။ သူတို့ထွက်ဆိုတာကတော့ဗျာ သူ့အလုပ်သမားတွေ ထမင်း၊ ဟင်းချက်စားရာကနေ မီးလောင်သွားတာလို့ပြောတယ်။ ပျက်စီးဆုံးရှုံးမှုက ၁၄၁ သိန်းရှိတယ်"

မီးထဲပါသွားတဲ့နေအိမ်တွေနဲ့ ဒိုင်တွေကို ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေတွေ ပေးအပ်ထားပြီးဖြစ်တယ် လို့လည်း ပြောပါတယ်။

ငါး၊ ပုစွန်ဒိုင်တွေဟာ ကမ်းနားမှာလာဖွင့်ထားကြပေမယ့် မြို့ထဲမှာ နေထိုင်ကြတာဖြစ်ပြီး ဒိုင်တွေနဲ့ တစ်ဆက် တည်းမှာရှိတဲ့ ပျဉ်ထောင်အိမ်တွေနဲ့ ဓနိမိုးအိမ်တွေ မီးထဲပါသွားခဲ့တာ ဖြစ်ပါတယ်။

မီးစလောင်ခဲ့တဲ့ ဒိုင်ကိုတော့ မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဦးရွှေလှအောင် က ပြောပါတယ်။

မနက် ၁ နာရီခွဲလောက်က မီးစလောင်တာဖြစ်ပြီး မနက် ၃ နာရီခွဲလောက်မှာ မီးငြိမ်းသွားတာဖြစ်ပါတယ်။ နေအိမ် ပျက်စီးဆုံးရှုံးသွားတဲ့ လူဦးရေ ၇၀ လောက်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ယာယီနေထိုင်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။