လွှတ်တော် ကိုယ်စားလှယ်ကို ဆန္ဒပြ


2018.12.02
kyaukphyu-protest-622.jpg တမံဆောက်လုပ်မယ့် ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ဆန္ဒပြခဲ့စဉ်
ဓာတ်ပုံ - မောင်ထွေးစံ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို တမံဆောက်လုပ်မယ့် ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကျောက်ဖြူမြို့မှာ ဆန္ဒပြ ကြပါတယ်။

ကျောက်ဖြူမြို့က အမှတ် ၈ တိုက်နယ် မရဇိုက်းကျွန်းအတွက် အစိုးရက တာမံဆောက်လုပ်ဖို့ ချပေးတဲ့ ဘတ်ဂျက်ကို အမှတ် ၇ တိုက်နယ်အတွက် ရွှေ့ပြောင်းဆောင်ရွက်ဖို့ လွှတ်တော်မှာ တင်ပြခဲ့တာကြောင့် ဆန္ဒပြတာလို့ ဒေသခံ ဦးမောင်သန်းရွှေ က ပြောပါတယ်။

ဒီရေတား တာမံဟာ အမှတ် ၈ တိုက်နယ်မှာ စပါးစိုက်ပျိုးဖို့အတွက် အရေးတကြီး လိုအပ်နေပြီး အဲဒီတမံမဆောက် လုပ်ခဲ့ရင် လယ်သမား ၃၀၀ကျော် စိုက်ပျိုးထားတဲ့ လယ်တွေပျက်စီးသွားနိုင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကတော့ အဲဒီတမံဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြုပြင်ထားပြီးဖြစ်ပြီး ကွင်းဆင်းစစ်ဆေးတေ့ွရှိချက်တွေအရ ပျက်စီးမှုမရှိသေးတဲ့အကြောင်း လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးစဉ် တင်ပြခဲ့တာလို့ RFA ကို ပြောပါတယ်။

ဦးကျော်လွင်ဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ် ၁ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ANP ပါတီကနေ နုတ်ထွက်ထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။