မဒေးကျွန်းအနောက်ဘက် သံဇစ်မြစ်ရေ ခဲဓာတ်ပါဝင်မှုများလို့ အန္တရာယ်ရှိနိုင်
2018.08.17

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနောက်မှာ ရေထုအရောင်ပြောင်းလဲနေတဲ့ သံဇစ်မြစ်ရေမှာ ခဲဓာတ်ပါဝင်မှု ၁ဝ ဆအထိရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့်မားနေတာကြောင့် လူနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ စိမ်းလန်းအမိမြေအသင်းရဲ့ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီမြစ်ရေထဲမှာ ခဲဓာတ်ပါဝင်မှု များနေတာဟာ အနီးဝန်းကျင်မှာရှိတဲ့ ရေနံလုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။
"ခဲဆိပ်များတာ ဘယ်ကောင်းမလဲ။ လူတွေအတွက် အန္တရာယ်များတာပေါ့။ ငါးတွေထဲပါ ဝင်နိုင်တော့ ငါးတွေမှာစားမိတဲ့အခါမှာ အန္တရာယ်များတာပေါ့။ အဲဒီထဲမှာ ၂ မိုင်ပတ်လည်လောက် မဲကွက်နေတာ။ အဲဒီ ဒီလောက်ကြီးတဲ့ ရေကြီးထဲမှာမှ ဒီလို Pollution Level တွေမြင့်တာ အံ့အားသင့်လို့။ ခဲဓာတ်ထွက်နိုင်တဲ့ အမျိုးအစားတွေ၊ ဖီနော်ထွက်နိုင်တဲ့ အမျိုးအစားတွေ ထုတ်ပြန်ထားတယ်လေ။ ခဲနဲ့ ဖီနော် ၂ ခု ချိတ်ပြီး စဉ်းစားရင်တော့ ခုနကပြောတဲ့ ရေနံနဲ့ ဓာတုဗေဒလုပ်ငန်းတွေက ထွက်တာလို့ အကြမ်းဖျင်း ပြောလို့ရ တာပေါ့နော်။ တကယ်လို့ အောက်မှာ ရေအောက်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းရှိရင် စိမ့်ယိုနေလား အစရှိသဖြင့်ပေါ့။ ဒါမျိုးတွေ စဉ်းစားရမယ်ထင်တယ်"
ခဲဓာတ်ပါဝင်မှုများနေပြီး မဲညစ်နေတဲ့ရေတွေဟာ နှစ်မိုင်ခွဲလောက် အကျယ်ရှိပြီး ဒေသခံတွေက စိုးရိမ်တာကြောင့် မြစ်ရေမှာပါတဲ့ ဓာတ်သတ္ထု ၁၆ မျိုးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှာ သတ်မှတ်စံနှုန်းတွေထက် ခဲဓာတ်ပါဝင်မှုဟာ ၁ဝ ဆ၊ ဖီနောဓာတ် ၂၆ အထိရှိနေတယ်လို့ သိရပါတယ်။
ခဲဓာတ်ပါဝင်မှုများရတာဟာ သဘာဝကျောက်ဆောင်၊ ကျောက်သားတွေ ကွဲအက်တာ၊ သဘာဝတွင်းထွက်တွေ လောင်ကျွမ်းတာ၊ ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တာ၊ ဓာတ်ဆီထုတ်လုပ်တာ၊ သတ္တုတူးဖော်တာ၊ သင်္ဘောဆေးစက်ရုံနဲ့ အခြားစက်မှုလက်မှု လုပ်ငန်းတွေကြောင့်လည်း ခဲဓာတ်ညစ်ညမ်းစေနိုင်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
ဖီနောဓာတ်ဟာ ကျောက်မီးသွေး၊ ကတ္တရာနဲ့ ရေနံတွေက ထွက်ရှိတဲ့ဓာတ်ပေါင်းဖြစ်ပြီး ပိုးသတ်ဆေးစက်ရုံတွေ၊ ပလတ်စတစ်စက်ရုံတွေ၊ ဆပ်ပြာစက်ရုံတွေနဲ့ ဆေးဝါးစက်ရုံတွေမှာ ဖီနောဓာတ်ပစ္စည်းကို အသုံးပြုကြတယ်လို့ သိရပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေရှိနေတာကြောင့် ရေနံယိုစိမ့်တာတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။
ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း အထက်ပိုင်းမှာရှိနေတဲ့ အဲဒီရေတွေကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးက သွားရောက်စစ်ဆေးတဲ့အခါမှာ ဆီငွေ့သန်းတာ၊ အနံ့ရတာမရှိတဲ့အတွက် ရေနံမဖြစ်နိုင်ဘဲ ပင်လယ်ရေအောက်ခြေမှာ တစ်ခုခုဖြစ်ဖြစ်ပြီး ရေပြောင်းလဲတာဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးတွေ့ရှိချက်အရ ရေနံမဖြစ်နိုင်တဲ့အကြောင်းကို လျှပ်စစ်ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။