သိမ်းဆည်းလယ်ယာမြေ ပြန်ပေးရာမှာ သမ္မတ လမ်းညွှန်ချက်ကို လိုက်နာမှုမရှိ


2018.10.25
kyaukse-farmers-press-622.jpg ကျောက်ဆည်ခရိုင်က မြေသိမ်းခံတောင်သူတွေ မန္တလေးမြို့ မီဒီယာစင်တာမှာ ၂၀၁၈ အောက်တိုဘာလ ၂၅ ရက်နေ့က သတင်းစာရှင်းစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်က စွန့်လွှတ်လယ်ယာမြေတွေကို တောင်သူတွေလက်ထဲ ပြန်လည် လွှဲပြောင်းပေးရာမှာ နိုင်ငံတော် သမ္မတရဲ့ လမ်းညွန်ချက်အတိုင်း မူလမြေကို ပြန်မပေးဘဲ အစားထိုးမြေနေရာပေးဖို့ ကြိုးစားတာကို ကျေနပ်မှုမရှိကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

မန္တလေးမြို့၊ မီဒီယာစင်တာမှာ မြေသိမ်းခံတောင်သူ ၃၀ ခန့် စုပေါင်းပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။

ကျောက်ဆည်ခရိုင်က လယ်ယာမြေတွေကို ၁၉၉၅ ခုနှစ်လောက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံအတွက်ဆိုပြီး မြေသိမ်းဆည်းသွားခဲ့တာဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်မှာတော့ မူလပိုင်ရှင်ကိုပေးဖို့ တပ်မတော်က ပြန်လည်စွန့်လွှတ်ခဲ့ကြောင်းလည်း မြေသိမ်းခံတောင်သူ ဦးခင်မောင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် မြေဧက ၂၀၀ ကျော်သိမ်းဆည်းသွားပေမဲ့ ပြန်လည်ပေးတဲ့အချိန်မှာ သိမ်းဆည်းခဲ့ချိန်က မြေရဲ့ ၂၀ ရာခိုင်နှုန်းသာ ပြန်ပေးတဲ့အတွက် အပြည့်အ၀ ပြန်လိုချင်ပါတယ်လို့ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့က  မိုင်းမောအုပ်စု မြေသိမ်းခံတောင်သူ ဦးခင်မောင်ထွန်း ကပြောပါတယ်။

ကာလပေါက်ဈေးအနေနဲ့ တစ်ဧကကို ၃၅ သိန်းပေါက်ဈေးရှိနေတဲ့ အဆိုပါနေရာတွေကို ပြန်လည်စွန့်လွှတ်တဲ့ ၂၀ ရာခိုင်နှုန်းကိုသာ လက်ခံဖို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှှုများ ပြန်လည်စိစစ်ရေးကော်မတီက ဖိအားပေးနေတယ်လို့လည်းပြောပါတယ်။

သိမ်းဆည်းမြေ ပြန်လည်စစ်ဆေးရေးအဖွဲ့တွေအနေနဲ့ စာရွက်ပေါ်မှာ စစ်ဆေးတာမျိုးမလုပ်ဘဲ မြေပြင်ကို ကွင်းဆင်းစစ်ဆေးစေချင်တယ်လို့ မြေသိမ်းခံတောင်သူတွေက ပြောပါတယ်။

ဒီစွန့်လွှတ်လယ်ယာမြေ ပြန်လည်ပေးအပ်တဲ့ကိစ္စ ကန့်ကွက်စာတွေကို  နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တင်ပြထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။