ကျောက်တန်းရွာ ပစ်ခတ်မှု စုံစမ်းရေးအဖွဲ့ စစ်ဆေးနေကြောင်း တပ်မတော်ပြော
2019.05.05

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ မေလ နှစ်ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။
တပ်မတော်အရာရှိ ငါးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မေလ သုံးရက်နေ့က ဖွဲ့စည်းထားပြီး စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောပါတယ်။
ကျောက်တန်းကျေးရွာမှာ မသင်္ကာတဲ့ အမျိုးသား ၂၇၅ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေလ နှစ်ရက်နေ့က ခေတ္တထိန်းသိမ်းစစ်ဆေးနေစဉ် ထိန်းသိမ်းထားသူတွေက အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းလာကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ခုခံကာကွယ်ဖို့ ပစ်ခတ်ထိန်းသိမ်းရာမှာ လူ ခြောက်ယောက် သေဆုံးခဲ့ပြီး ရှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်ဘက်က ကနဦး ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်မှာ တပ်မတော်ဘက်က ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေဟာ ကွဲလွဲမှုတွေရှိနေတယ်ဆိုပြီး မျက်မြင်သက်သေတွေက ပြောဆိုကြကြောင်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြတာတွေရှိနေပါတယ်။
တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသူ ၂၇၅ ယောက်ထဲက ၁၂၆ ယောက်ဟာ ရခိုင့်တပ်မတော် AA နဲ့ အဆက်အသွယ်မရှိကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် မေလ နှစ်ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ကျန်တဲ့ ၁၃၁ ဦးကို ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးနေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။