ကျောက်တော်မှာ တပ်မတော်ကဖမ်းထားတဲ့ လူ ၁၀ ဦးကိုပြန်လွှတ်ပေးဖို့ မိသားစုတောင်းဆို


2020.05.08

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမရွာက နေအိမ်များ မပျက်စီးခင် မတ်လ ၁၇ ရက်နေ့က ဂြိုလ်တုမှ တွေ့မြင်ရပုံ နှင့် မီးလောင်ပျက်စီးသွားပြီးနောက် ဧပြီလ ၂၄ ရက်နေ့တွင် တွေ့မြင်ရပုံ။ Credit: Planet Labs Inc.

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရှစ်တန်းကျောင်းသား တစ်ဦးအပါအဝင် လူ ၁၀ ဦးကို တပ်မ-၅၅ လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။ အဲဒီအချိန်က တင်းမရွာရဲ့အရှေ့ဘက် နှစ်ဖာလုံလောက်အကွာမှာရှိတဲ့ တောင်ရှည်တောင်မှာ တပ်မ-၅၅ လက်အောက်ခံ စစ်ကြောင်းတစ်ခုက စခန်းချနေခဲ့တာလို့လည်းဒေသခံတွေက RFA ကို ပြောပါတယ်။


မတ်လ ၁၆ ရက်နေ့ညနေပိုင်းမှာ ရွာထဲကနေ ကျေးရွာသား ၅၀ လောက်ကို စခန်းချနေတဲ့ တောင်ခြေရင်းဆီကို ကနဦး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းမှာ အဲဒီအထဲက ၄၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၀ ဦးကိုတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးထားလိုက်တာလို့ ကျေးရွာလူကြီး တစ်ဦးဖြစ်တဲ့ ဦးမောင်ထွန်းညွန့်က RFA ကိုပြောပါတယ်။

“လူ ၁၀ ယောက်ကို ရှေ့ကနေပြီးတော့ တန်းစီခိုင်းတယ်။ ကျန်တဲ့ရွာသားတွေကိုလည်း ရှေ့ကနေပြီးတော့ တန်းစီခိုင်းပြီး အဲဒီ တောင်ရှည် တောင်ခြေရင်းကိုရောက်အောင် ကျွန်တော်တို့က ပို့ရတယ်။ ပို့တဲ့အချိန်ခါမှာ တောင်ခြေရင်းကိုရောက်ခါနီးမှာ ကျွန်တော့ကို ဘာပြောလဲဆိုတော့ ခင်ဗျားမှာဖုန်းရှိသလားတဲ့။ ဖုန်းရှိတယ်လို့ ဖြေလိုက်တယ်။ ဒါဆိုရင် ခင်ဗျားဖုန်းနံပါတ်ကို ပေးခဲ့လို့ပြောတယ်။ ကျွန်တော့ဖုန်းနံပါတ်ကို ပေးခဲ့တယ်။ မနက်မိုးလင်းတဲ့အချိန်ခါမှာ ဒီလူ ၁၀ ယောက်ကို ပြန်လွှတ်ပေးမယ်တဲ့။ ကျွန်တော်တို့ဖုန်းခေါ်တဲ့အချိန်မှာ ခင်ဗျားလာခဲ့ပါနော်တဲ့။ အဲဒီလူတွေကို ကျွန်တော်တို့က စစ်ဆေးစရာရှိတယ်တဲ့။ အဲဒါကြောင့် ခေါ်ထားလိုက်မှာလို့ တပ်အရာရှိက အဲလိုပြောတယ်”

သူတို့ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ နောက်ပြန်ကြိုးတုပ်ပြီးတော့ ခေါ်ဆောင်သွားတာဖြစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွှတ်ပေးလိုက်သူတွေက ပြောပါတယ်။

လူ ၁၀ ဦးနဲ့ပတ်သက်လို့ စစ်ကြောင်းအရာရှိက နောက်နေ့မနက်မနက်မှာ ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်လို့လည်း ရွာခံလူကြီးတွေက ပြောပါတယ်။ ဒီဖမ်းဆီးထားသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်ထွန်းထွန်းဝေနဲ့ ကျန်လူတွေကတော့ အသက် ၃၆ နှစ်ကနေ ၆၀ ကျော် အရွယ်တွေအထိ အမျိုးသားတွေ ဖြစ်ပါတယ်။ မောင်ထွန်းထွန်းဝေရဲ့မိခင် ဒေါ်အေးရီက သူ့သားနဲ့ ကျေးရွာသားတွေကို ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

“ကျွန်မသားကို ပြန်လိုချင်ပါတယ်။ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကိုလည်း နေရာကိုအတိအကျ သိချင်ပါတယ်။ သားကို အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ ကျွန်မသားလေးက ကျောင်းတက်နေတုန်းပါ။ စာမေးပွဲတောင် မဖြေခဲ့ရပါဘူး။ ကျွန်မမှာက ဒီသားတစ်ယောက်ပဲ ရှိတာပါ။ ကျွန်မတို့ရွာက ဖမ်းထားတဲ့ လူ ၁၀ ဦးကိုလည်း အားလုံးပြန်လွှတ်ပေးစေချင်ပါတယ်”


ဖမ်းဆီးခံထားရတဲ့ လူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကိုတော့ ဖမ်းဆီးခံရအပြီး နောက်နေ့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ကုလားတန်မြစ်ထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကို ကျေးရွာသားတွေက တွေ့ရှိခဲ့ကြပါတယ်။

အသက်ရှင်လျက် ရှိနေသေးသူတွေကို ပြန်လွတ်လာအောင် ဝိုင်းဝန်းအကူအညီ ပေးကြစေချင်တယ်လို့ ဖမ်းဆီးခံ ဦးမောင်ကြည်လင်းရဲ့ ဇနီး ဒေါ်ဝင်းမေဦးက RFA ကိုပြောပါတယ်။

“အခုအချိန်အထိ သူတို့တွေ ဘယ်မှာရှိနေတယ်ဆိုတာကို သတင်းမရပါဘူး။ ကျွန်မတို့က တော်တော်ကြီးကို စိုးရိမ်နေပါတယ်။ ကျွန်မအမျိုးသား အပါအဝင် ကျန်တဲ့လူတွေကို ကျန်းကျန်းမာမာနဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို စုံစမ်းပြီး ပြန်လွတ်လာအောင် အကူအညီတောင်းချင်ပါတယ်။ ဒီလူတွေအားလုံးဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့ လူတွေပါ။ ဘယ်အဖွဲ့နဲ့မှ အဆက်အစပ်မရှိတာကြောင့် အားလုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်”


တင်းမကျေးရွာသားတွေကို တပ်မတော်က ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ပြီးခဲ့တဲ့မတ်လ တတိယပတ်လောက်မှာ ဒေသခံလွှတ်တော်ကိုယ်စားလှယ် လေးဦးက လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မ ရှင်ထံ တိုင်ကြားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ တစ်စုံတစ်ရာ တုံ့ပြန်ချက်ကို မရသေးဘူးလို့ တိုင်ကြားရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။

“မိသားစုဝင်တွေရဲ့ တိုင်ကြားစာတွေ၊ ထွက်ဆိုချက်တွေကို အခြေခံပြီးတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံကို ကျွန်တော်တို့မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် လေးယောက်က လက်မှတ်ထိုးပြီးတော့ တိုင်ကြားထားတာရှိပါတယ်။ ကျွန်တော်တို့ အခုအချိန်အထိကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ဖြေကြားတာတို့ တစ်စုံတစ်ခု ဆက်သွယ်တာတို့ မိသားစုဝင်တွေနဲ့လည်း ကျွန်တော်မေးကြည့်ပါတယ်။ အခုထိ တစ်စုံတစ်ခု ဆက်သွယ်လာတာ ရှိသလားမေးတော့ အခုထိ အဆက်အသွယ် ဘာမှလုပ်တာမတွေ့ရသေးဘူး”

ကျောက်တော်မြို့နယ်မှာ တင်းမကျေးရွာက လူ ၁၀ ဦးအပါအဝင် အခုနှစ်အတွင်း တပ်မတော်ကဖမ်းဆီးပြီး ပြန်လွတ်မလာသေးသူ ၂၀ ကျော်ရဲ့စာရင်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပြန်လည်စိစစ်နိုင်အောင် တင်ပြထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တင်းမကျေးရွာ သားတွေကို တပ်မတော်က ဖမ်းဆီးထားတယ်ဆိုတဲ့ ပြောဆိုချက်ကို တပ်မတော်က အတည်မပြုနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

တပ်မတော်အနေနဲ့ ဖမ်းဆီးတာမှန်သမျှ တရားလက်လွတ်ဖမ်းဆီးတာမျိုး မရှိကြောင်း၊ ဖမ်းဆီးပြီးရင် စစ်ဆေးပြီးတော့ အပြစ်မရှိရင် ပြန်လွှတ်ပေးကြောင်း၊ စစ်ဆေးပြီး ဥပဒေအရ တရားစွဲတင်ရမယ်ဆိုရင်လည်း တရားဥပဒေ အရသာ အမှုစွဲတင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ တင်းမကျေးရွာမှာ မတ်လ ၁၆ ရက်နေ့က ကျေးရွာသားတွေ ဖမ်းဆီးခံရအပြီး မတ်လ ၂၂ ရက်နေ့မှာတော့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာလုံးကျွတ် ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။ လက်ရှိမှာ ကျေးရွာသားတွေအားလုံးဟာ ကျောက်တော်မြို့ပေါ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီမှာ ထွက်ပြေးခိုလှုံ နေကြရပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုပြီး တင်မကျေးရွာမှာ နေအိမ်တွေ မီးလောင်တာရှိဘူးလို့ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် ဧပြီလ ၂၂ ရက်နေ့မှာတော့ မီးလောင် သွားတဲ့နေအိမ် ၅၀၀ ကျော်ကိုပြန်ဆောက်နိုင်ဖို့ ငွေကျပ် သိန်း ၉၀၀ ကျော်ကို အစိုးရက ကျေးရွာသားတွေထံ ပေးအပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။