ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာခြောက်ဦး သေဆုံး

RFA Burmese
2024.02.12
ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာခြောက်ဦး သေဆုံး ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ကစ္ဆပနဒီ တံတားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Arakan Bay Nwes

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့နယ်ကို ဖေဖော်ဝါရီ ၁၁ ရက် မနေ့ည ၈ နာရီမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာကြောင့် လက်ဆောင်ကောက် ရိုဟင်ဂျာရွာက ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ဆယ်လုံးကျော် မီးလောင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူတွေပါ ရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောက်တော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ညက ဂျက်လေယာဉ်တစ်စင်းနဲ့ လာပစ်တာပါ။ ရွာထဲကို ဗုံးလေးလုံးချပါတယ်။ သုံးလုံးက ပေါက်ကွဲတယ်။ နောက်တစ်လုံး မကွဲဘဲကျန်နေတယ်။ သေတဲ့သူက ခြောက်ယောက်ရှိပါတယ်။ ငါးနှစ်အရွယ် ကလေးနှစ်ယောက် ပြီးရင် လူကြီးလေးယောက်ပေါ့။ ဒဏ်ရာရသူတွေက အများကြီးပဲ။ ကျွန်တော်လည်း မီးကူသတ်ပေးနေရတော့ အရေအတွက်ကို မမှတ်မိလိုက်ဘူး”

သေဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့မှာရှိတဲ့ ကစ္ဆပနဒီတံတားကိုလည်း မနေ့က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် အရပ်သား ၁၂၀ ကျော်သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။