ကျောက်တော်တိုက်ပွဲအတွင်း အရပ်သား ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2020.04.02
ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးမှာ မနေ့ညနေက တိုက်ပွဲဖြစ်လို့ အရပ်သား ငါးဦးသေဆုံးပြီး ရှစ်ဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ကျောက်တော်မြို့အနီးမှာ မနေ့ညနေ ၅ နာရီခွဲလောက်ကနေ ၆ နာရီလောက်အထိ နှစ်ဘက်တိုက်ပွဲဖြစ်ရာကနေ တပ်မတော်ဘက်ကလည်း အမြောက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ဒီဖြစ်စဉ်အတွင်း ပြည်တော်သာရပ်ကွက်က အရပ်သား သုံးဦးနဲ့ မြို့အရှေ့ဘက်ကမ်း ပိန္နဲချောင်းကျေးရွာက သားအမိ နှစ်ဦး၊ စုစုပေါင်း ငါးဦးဟာ လက်နက်ကြီးအစတွေထိမှန်ပြီး သေဆုံးသွားတာလို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေကို အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက သူတို့ဟာ အိမ်မှာနေရင်း လက်နက်ကြီးအစတွေထိမှန်ပြီး သေဆုံးခဲ့ရတာလို့ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၅၄ နှစ်ကနေ ၇၀ ကျော်အရွယ် ကြား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးကြီး နှစ်ဦးပါဝင်ပါတယ်။ ဒဏ်ရာရသူ ရှစ်ဦးကိုလည်း ကျောက်တော်ဆေးရုံမှာ တင်ထားရပြီး အဲဒီအထဲက အသက် ၁၇ နှစ်အရွယ် မမိုးမိုးနွယ်ကိုတော့ ဒီနေ့မနက်ပိုင်းမှာ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
ကျောက်တော်မြို့က မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးထွန်းခင်က တပ်မတော်စစ်ကြောင်းက မြို့တွင်းထဲကိုပါဝင်ပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
မြို့တွင်းထဲကို ကားနဲ့ဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက အထပ်မြင့်နေအိမ်အပေါ်ပိုင်းတွေကို ပစ်ခတ်သွားတာကို လှမ်းမြင်ခဲ့ရတယ်လို့လည်းပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက မနေ့က သရက်အုပ်ကျေးရွာဘက်ကနေ ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က မြို့နဲ့ နှစ်မိုင်လောက်အကွာမှာ ကြားဖြတ်တိုက်ခိုက်ရာကနေ အရပ်သားတွေ အထိနာခဲ့တာလို့ပြောပါတယ်။
သရက်အုပ်ကျေးရွာဟာ ေကျာက်တော်မြို့နဲ့ လေးမိုင်ခန့်ကွာဝေးပြီး တိုက်ပွဲကကြားမှာဖြစ်ခဲ့တာလို့ဆိုပါတယ်။ လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေထဲမှာ အရပ်သားတွေပိုအထိနာတာကြောင့် မြို့ရွာတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာဟာ တိုက်ပွဲတွေဖြစ်ကြဖို့ တပ်မတော်နဲ့ အေအေအဖွဲ့ကို တောင်းဆိုချင်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာ AA နဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ညနေက သရက်အုပ်ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီးပြန်လာတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ အစိုးရစစ်တပ်စစ်ကြောင်းက ကျောက်တော်မြို့ အဝင်မှာ ကျောက်တော်မြို့ဘက်ကို ပစ်ခတ်တဲ့အတွက် မြို့ထဲနဲ့မြို့စွန်ကလူတွေ ထိခိုက် ကုန်တာရှိတယ်လို့ ပြောပါတယ်။
မြို့ရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာဟာ တိုက်ပွဲတွေဖြစ်ကြဖို့ ဒေသခံတွေကတောင်းဆိုတာနဲ့ ပတ်သက် လို့ကတော့ ခိုင်သုခက တစ်စုံတစ်ရာမတုံ့ပြန်ပါဘူး။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မနေ့ကညနေ ၅ နာရီ ၁၅ လောက်က ကျောက်တော်မြို့အရှေ့ဘက်မှာ လုံခြုံရေးဆောင်ရွက်ဖို့ ဆိုက်ထားတဲ့စစ်ရေယာဉ်နှစ်စီးကို ကျောက် တော်မြို့ မြောက်ဘက်ကနေ AA က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တပ်မတော်က ပြန်ပစ်ခဲ့တဲ့ဖြစ်စဉ်တခုသာဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ်ဟာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား တိုက်ပွဲတွေအပြင်းထန်ဆုံး ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပြီး အင်တာနက်ပါ ဖြတ်တောက်ခံထားရပါတယ်။
RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၁ ရက်နေ့အထိ အချိန် ၁ လကျော်ကာလမှာ သေဆုံးတဲ့ အရပ်သား ၆၃ ဦးထက်မနည်းရှိနေသလို ထိခိုက်ဒဏ်ရာရသူဟာလည်း ၁၆၀ ကျော်အထိရှိနေပါတယ်။